ကလော့ပ်က လူငယ်တွေကို တိုးတက်စေသူဆိုတာ ထရန့်နဲ့ ဂိုးမက်စ်က သက်သေပြနေတယ်

လီဗာပူးလူငယ်တိုက်စစ်သမား ဆိုလန်ကီကတော့ စီနီယာအသင်းကို တိုးထွက်လာနိုင်ဖို့ရာ မန်နေဂျာယာဂင်ကလော့ပ်အပေါ် ယုံကြည်မှုရှိနေဆဲဖြစ်ပြီး ဂျာမာန်သားကြီးဟာ လူငယ်တွေ တိုးတက်လာဖို့ မှန်ကန်တဲ့ လမ်းညွှန်းမှုတွေ ပေးနိုင်သူလို့ ထုတ်ပြောလာခဲ့ပါတယ်။

ဆိုလန်ကီဟာ ဒီရာသီမှာ လီဗာပူးအသင်းအတွက် တစ်ပွဲမှ ပွဲထွက်ကစားပေးရခြင်း မရှိသေးပါဘူး။ အင်္ဂလန် ယူ-21 အသင်းရဲ့ အဓိက ကစားသမားဟာဆိုရင် အီတလီအသင်းကို 2-1 နဲ့ အနိုင်ရတဲ့ပွဲမှ သွင်းဂိုးတွေအပါအဝင် အင်္ဂလန်လူငယ်အသင်းအတွက် 4 ပွဲ ကစားပြီး 3 ဂိုး သွင်းယူပေးထားနိုင်ပါတယ်။

လီဗာပူး ယူ-23 အသင်းအတွက် ဒီရာသီ 2 ပွဲ ပွဲထွက်ထားပေးတဲ့ ဆိုလန်ကီဟာ ကိုယ်တိုင် 2 ဂိုး သွင်းယူပေးထားနိုင်ပါတယ်။ သူဟာ လီဗာပူးစီနီယာအသင်းအတွက် 21 ပွဲ ပါဝင်ကစားပေးထားပြီး ဒီရာသီမှာ ပွဲထွက်ခွင့်ရဖို့ မျှော်လင့်နေဆဲပါ။

“ ယာဂင်က မန်နေဂျာကောင်းပါ။ သူ လုပ်နေတဲ့အလုပ်ကို အကောင်းဆုံးသိသူပါ။ အထူးသဖြင့် လူငယ်ကစားသမားတွေကို စီနီယာအသင်းအတွက် ခေါ်ဆောင်နိုင်မှုတွေမှာပေါ့။ ထရန့်နဲ့ ဂိုးမက်စ်ကို သူခေါ်ယူခဲ့ပြီး သူတို့တွေ ဘယ်လောက်အတိုင်းအတာထိ ရောက်လာပြီလဲဆိုတာ မြင်နိုင်ပါတယ်။ သူတို့က ကျနော်တို့အသင်းအတွက် အဓိက ကစားသမားနှစ်ဦးဖြစ်လာခဲ့ပါပြီ။ သူတို့နဲ့ ကျနော်က လူငယ်အသင်းမှာ ကောင်းကောင်းသိခဲ့ကြပြီး ယာဂင်က သူတို့တွေကို စီနီယာအဆင့်ထံ ကျော်ဖြတ်ဖို့ အကောင်းဆုံး ကူညီပေးနိုင်ခဲ့ပါတယ်။

အသင်းမှာရှိတဲ့ လူတိုင်းက ကျနော်ကို အကြံကောင်းတွေ ပေးကြပြီး အားပေးထောက်ခံကြပါတယ်။ လီဗာပူးအသင်းကို စရောက်ကတည်းက အားလုံးက ကျနော်ကို ကြိုဆိုကြပြီး ဒီမှာ ခပ်မြန်မြန် အခြေကျလာခဲ့တယ်။ အခက်အခဲတွေ့နေတဲ့ ဘယ်သူ့ကိုမဆို သူတို့ ကူညီပေးကြတယ်။

နိုင်ငံအသင်းအတွက် ပွဲထွက်ပေးရတာက အရမ်းကောင်းတဲ့ ခံစားချက်ပါ။ တကယ်တမ်းက လူတိုင်းက ကလပ်အသင်းအတွက် ပွဲထွက်ပေးချင်တာပါ။ နိုင်ငံအတွက် ပွဲထွက်ကစားပေးတယ် ပြီးရင်တော့ ကလပ်အသင်းထံပြန်ပြီး ကြိုးစားယှဉ်ပြိုင်ရပါမယ်။ ဘာပဲဖြစ်ဖြစ် ပွဲကစားခွင့်တွေရတဲ့ နိုင်ငံတကာ သီတင်ပတ်ကတော့ အရမ်းကောင်းပါတယ် ” လို့ ဆိုခဲ့ပါတယ်။

လီဗာပူးအသင်းဟာ အိုရီဂီနဲ့ ဆိုလန်ကီတို့ နှစ်ဦးအနက် တစ်ဦးကို ရောင်းထုတ်မှာဖြစ်ပြီး ကျန်တစ်ဦးကိုတော့ ကလပ်အသင်းအတွက် ဆက်ထားမှာပါ။ ယာဂင်ကလော့ပ်က အနာဂတ်မှာ အလားအလာကောင်းတွေရှိတဲ့ ဆိုလန်ကီကို ကလပ်အသင်းရဲ့ ရေရှည်မျှော်လင့်ချက်တွေအတွက် ရောင်းထုတ်မှာ မဟုတ်ဘူးလို့ သိထားရပါတယ်။

Sports Home Time