ချန်​ပီယံလိဂ်​ ၁၆သင်းအဆင့်​က​နေ စတင်​ပြီး VAR ကို စတင် ​အသုံးပြု​ဖွယ်ရှိ

ယခုရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ နာမည်ကြီးဖြစ်ရပ်တွေ ဖြစ်သွားပြီးတဲ့နောက် ယူအီးအက်ဖ်အေက ရှုံးထွက်အဆင့်မှာ VARကို စတင်အသုံးပြုတော့မယ်လို့ ဆိုပါတယ်။ ယူအီးအက်ဖ်အေ အလုပ်အမှုဆောင်အဖွဲ့ကော်မတီက ဒီဇင်ဘာ၃ရက် ဒဗ်ဘလင်မှာ ဒါကို အကောင်အထည်ဖော်ဖို့ ခွင့်ပြုခဲ့မယ်ဆိုရင်တော့ ၁၆သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေကနေစပြီး ကွင်းလယ်ဒိုင်တွေဟာ VAR ကို အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

ယခင်ကတည်းက VAR ကို နောက်ရာသီ ချန်ပီယံလိဂ် မှာ အသုံးပြုဖို့ စီစဉ်ထားတာဖြစ်ပါတယ်.ဒါပေမယ့် မန်ချက်စတာစီးတီး တိုက်စစ်ကစားသမား ရာဟင်းစတာလင်ကို ပေးခဲ့တဲ့ အငြင်းပွားဖွယ်ပင်နယ်တီလို ဖြစ်ရပ်တွေကြောင့် ဒီအစီအစဉ်ကို မြန်မြန် အကောင်အထည်ဖော်ဖို့ ဖြစ်လာခဲ့တာပါ။

မန်ချက်စတာစီးတီးက ရှက်တာဒိုးနတ်အသင်းကို 6ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ စတားလင်းဟာ မြက်ခင်းကိုခလုတ်တိုက်မိပြီး တဖက်အသင်း နောက်ခံလူတွေ မဆွဲထားပါဘဲနဲ့ လဲကျခဲ့တာဖြစ်ပေမယ့်လဲ ဒိုင်လူကြီးက ပင်နယ်တီသတ်မှတ်ပေးခဲ့ပါတယ်။ တချို့ သတင်းတွေမှာတော့ ဒီဖြစ်ရပ်မတိုင်ခင်ထဲမှာ VAR အစီအစဉ်ကို မြန်မြန် စတင်ဖို့ ရှိပြီးသားဖြစ်တယ်လို့ဆိုပါတယ်.ဒါပေမယ့်လဲ ဒီအဖြစ်အပျက်ကြောင့် စောစော အကောင်အထည်ဖော်မယ့်ကိစ္စဟာ ပိုပြီးချောချောမောမောဖြစ်သွားတယ်လို့ ဆိုရမှာပါပဲ။

ဒါကို ကော်မတီက ခွင့်ပြုခဲ့မယ်ဆိုရင် ယခုရာသီရဲ့ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်အားလုံးအပြင် ဇွန်လမှာကစားမယ့် နိုင်ငံများလိဂ် ဖိုင်နယ်ပွဲစဉ်အတွင်းမှားလဲ VAR ကို အသုံးပြုမှာဖြစ်ပါတယ်။ ဒီစနစ်ဟာ ဂိုးစည်းကနေ စီမံခန့်ခွဲနေတဲ့ တွဲဖက်အကူဒိုင်တွေရဲ့ အဆုံးသတ်လဲဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အုပ်စုအဆင့်ကို အောင်မြင်ခဲ့မယ်ဆိုရင်တော့ VAR ကနေ အကျိုးရရှိမှာဖြစ်ပါတယ်။ ဟိုဆေးမော်ရင်ညို ရဲ့ သရဲနီ တပ်သားတွေဟာ လက်ရှိချန်ပီယံလိဂ် အုပ်စု H မှာ 7 မှတ်ရရှိထားပြီး ပထမနေရာက 9 မှတ်ရရှိထားတဲ့ ဂျူဗင်တပ်ရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ နောက်ဆုံးပွဲစဉ် နှစ်ပွဲဖြစ်တဲ့ ယန်းဘွိုင်းနဲ့ ဗလန်စီယာ တို့ကို အနိုင်ရရှိခဲ့မယ်ဆိုရင်တော့ ၁၆သင်းအဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးကလဲ နောက်ဆုံးနှစ်ပွဲဖြစ်တဲ့ လိုင်ယွန်နဲ့ ဟော့ဖန်ဟိန်းတို့ပွဲစဉ်တွေမှာ တမှတ်စီရရှိရုံနဲ့ အုပ်စုတက်မှာဖြစ်ပြီး နောက်တပတ် ပြင်သစ်မှာကစားမယ့် ပွဲကို အနိုင်ရခဲ့ရင်တော့ အုပ်စုဗိုလ်ဖြစ်မှာပါ။ စတာလင်းရဲ့ဖြစ်ရပ်ပြီးတဲ့နောက် ဒိုင်လူကြီးတွေဟာ အကူအညီလိုတယ်လို့ပြောခဲ့တဲ့ ပက်ဂွာဒီယိုလာ အတွက် VARဟာ သတင်းကောင်းဖြစ်ပါလိမ့်မယ်။

“VARက ဒါပါပဲ။ ဒိုင်လူကြီးတွေဟာ အကူအညီလိုတယ်လို့ ကျနော်အရင်ထဲကပြောခဲ့ပါတယ်။ သူတို့ဟာ ကောင်းကောင်းလုပ်ချင်ပါတယ်။ အမှားတွေ မလုပ်ချင်ပါဘူး။ ဒါပေမယ့် ဒီနေ့ပွဲမှာ လျှင်မြန်ပြီး ကစားသမားတွေက ပိုပြီးတော့အရည်အသွေးရှိပါတယ်။ သူတို့ အကူအညီ လိုပါတယ်။ ဘာကြောင့်လဲဆိုရင် ဒါက ပင်နယ်တီမဟုတ်ဘူးဆိုတာ ပြောပြဖို့ တစုံတယောက်အတွက် ဆယ်စက္ကန့် အချိန်ယူရပါတယ်။ VAR ဆို စက္ကန့်အနည်းငယ်ပဲ လိုပါတယ် ဒါကြောင့် VAR လိုအပ်တာပါ” လို့ ဂွာဒီယိုလာက ဆိုခဲ့တာဖြစ်ပါတယ်. ။

Sports Home Time