မန်စီးတီးနဲ့ လီဗာပူး နှစ်သင်းကြားက အရေးပါသော အားပြိုင်မှုများ

စကိုင်းစပေါ့က သုံးသပ်သူ ဂယ်ရီနဗီးလ်ကတော့ မန်ချက်စတာစီးတီးရဲ့ အမှတ်ပေးဖလား ချန်ပီယံလမ်းကြောင်းကို တားဆီးနိုင်တာ လီဗာပူး တစ်သင်းသာ မြင်မိပါတယ်တဲ့။ ဒါဆိုရင် လီဗာပူးဟာ တကယ်ပဲ စီးတီးကို ဟန့်တားနိုင်မလား နှစ်သင်းကြားက အရေးပါတဲ့ အားပြိုင်မှုတွေကို နှိုင်းယှဉ်ကြည့်ရအောင်ပါ။

မန်နေဂျာပိုင်း

မန်စီးတီး

ပွဲချဉ်းကပ်ဖို့ အသင်းစိတ်ပြင်ဆင်ရာမှာ ဂွာဒီယိုလာက စံနမူနာပါ။ ကမ္ဘာပေါ်မှာ တောင်ဆိုမှုအား အကြီးမားဆုံး မန်နေဂျာတောင် ဖြစ်နိုင်ပါတယ်။ လေ့ကျင့်ရေးကွင်းက မိနစ်တိုင်းမှာ သူအလိုရှိတာကို ကစားသမားတွေထံက တောင်းဆိုပါတယ်။ လက်ထောက်နည်းပြ အာတီတာက ပပ်ရဲ့ အကူ ကောင်းဖြစ်ပြီး စီးတီးမန်နေဂျာဟာ တစ်ဦးချင်း ကိုင်တွယ်မှုတွေနဲ့ တာဝန်ယူသူဖြစ်ပါတယ်။

လီဗာပူး

ယာဂင်ကလော့ပ်ရဲ့ ပထမအသင်းနည်းပြ လင်ဒါးက ပြောဖူးပါတယ်။ ကလော့ပ်ဟာ နည်းစနစ်ပိုင်း 30% ကိုမှ အသင်းတည်ဆောက်မှု 70% နဲ့ ပေါင်းစပ်ကိုင်တွယ်တဲ့ မန်နေဂျာပါတဲ့။ ယာဂင်ကလော့ပ်ဟာ အသင်းသားတွေကို အုပ်ချုပ်မှုမှာ ကျော်ကြားတယ်။ မော်ဒန်မန်နေဂျာတွေလိုပဲ အမြဲတမ်း လေ့ကျင့်ရေးကွင်းမှာပဲ အချိန်ကုန်ပြီး သူ့ရဲ့အသင်းအပေါ် သြဇာသက်ရောက်မှုက ကြီးမားပါတယ်။

လူစာရင်းတောင့်တင်းမှု

မန်စီးတီး

ဂွာဒီယိုလာ ရောက်လာကတည်းက တောင့်တင်းတဲ့ လူစာရင်းကို တည်ထောင်လာနိုင်ခဲ့တယ်။ လူငယ်တွေကို နေရာပေးမှုတွေလည်း ရှိပြီး တခုတည်းသော မေးခွန်းထုတ်စရာက holding midfielder အစားမထိုးသေးတာပါပဲ။ အသက် 33 နှစ်ရှိပြီဖြစ်တဲ့ ဖာနန်ဒင်ညိုနေရာမှာ ဂျော်ဂျင်ဟိုနဲ့ ဖရက်တို့ကို ချိန်ရွယ်ခဲ့ဖူးတယ်။ လက်ရှိမှာ ဂျွန်စတုန်းကို အဆိုပါနေရာက အသုံးပြုနေပါတယ်။

လီဗာပူး

မနှစ်ကရာသီမှာ အားနည်းချက်တွေ ရှိခဲ့ပေမယ့် ဇန်နဝါရီမှာ ဗန်ဒိုက်ကို ခေါ်ယူခဲ့ပြီးနောက်ပိုင်း လီဗာပူးက အင်အားတောင့်လာခဲ့ပါပြီ။ ဒီနွေမှာတော့ အယ်လီဆန်၊ ကိတ်တာ၊ ဖာဘင်ဟိုနဲ့ ရှာကွီရီတို့ကို ခေါ်ယူထားပါတယ်။ ကလော့ပ်ရဲ့ တောင်းဆိုမှုများတဲ့ ကိုင်တွယ်မှုမှာ သူတို့တွေက နောက်ထပ် ရွေးချယ်မှုတွေအတွက် အကူအညီဖြစ်စေပါတယ်။

ခံစစ်ပိုင်း

မန်စီးတီး

စီးတီးရဲ့ ခံစစ်တွဲဘက်ကစားစေမှုက စိတ်ဝင်စားစရာပါ။ အထူးသဖြင့် အလှည့်ကျပုံစံ ပါတနာအတွဲတွေ ပြောင်းပြီး ကစားနေတယ်။ ဇန်နဝါရီက ခေါ်ယူထားတဲ့ လာပေါ်တေးက ပွဲထွက်ခွင့် ပိုရနေပြီး ကမ္ဘာဖလားပြိုင်ပွဲကို မသွားထားတဲ့ စီးတီး ဗဟိုခံစစ်မှူး လေးဦးတည်းက တစ်ဦးတည်းသော ကစားသမားပါ။ ခံစစ် လေးယောက်တန်း ကစားသလို၊ သုံးယောက်တန်း ကစားတာလည်းရှိတယ်။ အနည်းဆုံးသော အစွန်သမားတစ်ဦးက တိုက်စစ်လိုက်ပါတယ်။

လီဗာပူး

လီဗာပူးအသင်းမှာ အတိုးတက်လာဆုံးနေရာဖြစ်ပြီး လူစာရင်းအသစ်မှာ ဂိုးပေါက်ကာကွယ်ဖို့က အယ်လီဆန် ရောက်လာခဲ့တယ်။ ထရန့်၊ ဂိုးမက်စ်၊ ဗန်ဒိုက်နဲ့ ရော်ဘတ်ဆန် တို့ ရှိပါတယ်။ ဒီ ကစားသမားတွေက ခံစစ်ပိုင်းမှာ စည်းစနစ်ပိုကျလာပြီး လီဗာပူးရဲ့ ကွင်းလယ်လူတွေ တိုက်စစ်မဖွင့်နိုင်မှုမှာတောင် ပါဝင်ကူညီနေကြတယ်။ ကလော့ပ်က နည်းစနစ်ပိုင်း အစုံ ကစားပေမယ့် 4-3-3 ကို အကြိုက်တွေ့နေတယ်။

ဖန်တီးမှု

မန်စီးတီး

မန်စီးတီးရဲ့အန္တရာယ်ပေးမှုက နေရာစုံကလာပါတယ်။ ဒီဘရိုင်း ဒဏ်ရာရစဉ်မှာလည်း ဒေးဗစ် ဆေလ်းဗား၊ ဘာနာတို ဆေလ်းဗားတို့က ခံစစ်တွေကို ဖွင့်ဖို့ အရည်အချင်းကောင်းတွေ ကြွယ်ဝသူတွေဖြစ်တယ်။ ဒါ့အပြင် ဆာနေးနဲ့ စတာလင်တို့ရဲ့ ပြေးအားတွေကလည်း ခံစစ်တွေအတွက် အခက်အခဲပါပဲ။ စိတ်ဝင်စားစရာက ဘယ်ခြမ်းအတွက် မာရက်စ်ကို ခေါ်ယူထားမှုဖြစ်ပြီး ဘောလုံးပိုင်ဆိုင်မှုပိုင်းက 72.51 ထိ တက်လာပါပြီ။

လီဗာပူး

ဇန်နဝါရီမှာ ကော်တင်ညိုကို ရောင်းထုတ်လိုက်ကတည်းက လီဗာပူးရဲ့ ကွင်းလယ်ဖန်တီးမှုက အားနည်းသွားပါတယ်။ တိုက်စစ်သုံးယောက်တန်းက ဖာမင်နိုက အတွင်းလူနေရာဆင်ပြီး တိုက်စစ်ပိုင်းအတွက် အရေးပါတဲ့ ဖန်တီးမှုတွေ ပြုလုပ်ပေးနေတယ်။ နာဘီကိတ်တာက အခြားသော ရှုထောင့်ကနေ ပေါင်းထည့်နိုင်မယ့် ကစားသမားဖြစ်တယ်။ တစ်ချိန်တည်းမှာ အစွန်သမားတွေက ဖြတ်တင်ဘောတွေကနေ ဖန်တီးပေးမှုတွေ ပြုလုပ်ကြတယ်။

တိုက်စစ်ပိုင်း ပေါက်ကွဲကစားနိုင်အား

မန်စီးတီး

ဖန်တီးမှုလိုပဲ မန်စီးတီးရဲ့ တိုက်စစ်ပိုင်းက နေရာစုံကလာတယ်။ အဓိက တိုက်စစ်သမားက အဂွယ်ရိုဖြစ်ပြီး သူ့ရဲ့တောက်ပမှုမှာ ဂျီးဆုတောင် အချိန်အကန့်အသတ်နဲ့ ပွဲထွက်နေရတယ်။ သွင်းဂိုးနဲ့ အနီးတစ်ဝိုက်မှာ သူရှိတတ်တယ်။ စတာလင်ကလည်း သွင်းဂိုးတွေ ရှာဖွေနိုင်စွမ်း ပြသနေပြီး ဆာနေးက ပုံစံကောင်းတွေ ပြန်ရနေပါပြီ။

လီဗာပူး

ဆာလက်၊ ဖာမင်နို၊ မာနေးတို့ဟာ ကမ္ဘာအကောင်းဆုံး တိုက်စစ်လက်နက်ထဲ ထည့်သွင်းရမှာပါ။ လီဗာပူးအသင်းရဲ့ သွင်းဂိုးတွေဟာ သူတို့သုံးဦးထံက လာတာဖြစ်တယ်။ ဒီရာသီမှာ နည်းနည်း အားနည်းနေတယ်လို့ ငြင်းလို့ရတယ်။ စတားရစ်ကလည်း ကြံ့ခိုင်မှုကောင်းနေတယ်ဆိုရင် နောက်ထပ် ရွေးချယ်စရာပါပဲ။ ကစားသမားသစ် ရှာကီရီကလည်း တိုက်စစ်အတွက် ပံ့ပိုးမှုကောင်းတွေ ပြုလုပ်ပေးနေပါတယ်။

ပရိသတ်အား

မန်စီးတီး

မန်စီးတီးမှာ အသင်းကို လှုံ့ဆော်ပေးနိုင်မယ့် ပရိသတ်ထုမရှိပါဘူး။ လီဗာပူးလိုအသင်း ပိုင်ဆိုင်တဲ့ အားပေးမှုနဲ့ နှိုင်းယှဉ်မယ်ဆိုရင် သေးငယ်လှတယ်။ စီးတီးက ကမ္ဘာလုံးဆိုင်ရာ ပရိသတ်သစ်တွေ စုဆောင်းနေတဲ့ အသင်းပါ။ ဒါပေမယ့် လိုင်ယွန်ကို ယှဉ်ပြိုင်ကစားတဲ့ ချန်ပီယံလိဂ်ပွဲကို လာအားပေးတဲ့ နယ်ခံပရိသတ်ထုအရတော့ ထိပ်တန်း ပရိသတ်ထုရဖို့ ဝေးကွာနေဆဲဖြစ်ပါတယ်။

လီဗာပူး

အန်ဖီးကွင်းရဲ့ အားပေးမှုကတော့ အင်္ဂလန်မှာ အကောင်းဆုံးပါပဲ။ ဒီနှစ်သင်းတွေ့ဆုံးတဲ့ မနှစ်တုန်းက ဒီစွမ်းအားတွေကို မြင်ခဲ့ရပြီးပြီ။ စီးတီးဘတ်စ်ကားကို တိုက်ခိုက်တာမျိုးကတော့ ရှုံ့ချရမယ့် လုပ်ရပ်ပေါ့။ ဒါပေမယ့် လီဗာပူးအသင်းရဲ့ ပရိသတ်ထုနဲ့ ဆာလောင်စွာ အားပေးမှုက အမှတ်ပေးဖလား မရခဲ့တာ 28 နှစ်ကြာတာတောင်မှ ပြင်းထန်ဆူဝေနေဆဲပါ။

Sports Home Time