လီဗာပူးအတွက် ယာဂင်ကလော့ပ်ရဲ့ အကောင်းဆုံး အပြောင်းအရွှေ့ (၁၀) ခု

လီဗာပူးအသင်းအတွက် ယာဂင်ကလော့ပ် ပြုလုပ်ထားတဲ့ အကောင်းဆုံး အပြောင်းအရွှေ့ (10) ခု ထုတ်နှုတ်တင်ပြပေးလိုက်ပါတယ်။

10. Xherdan Shaqiri

လက်ရှိ လီဗာပူးတိုက်စစ်မှာ ရှာကွီရီ အရေးပါတဲ့ တစ်နေရာ ပါဝင်နေပြီဆိုတာ လတ်တလော ပွဲတွေမှာ သိသာလို့နေပါတယ်။ ရှာကွီရီအတွေက်လည်း အကောင်းဆုံးအဆင့်တွေမှာ သက်သေပြဖို့ နောက်ဆုံးအခွင့်အရေးဖြစ်ပါတယ်။ ဘိုင်ယန်မြူနစ်၊ အင်တာမီလန် အသင်းတွေမှာ ကစားခဲ့တဲ့ တိုက်စစ်အားသန် ကစားသမားဟာ ကစားသမားဘဝ အလှည့်အပြောင်း၊ အတက်အကျတွေ ရင်ဆိုင်ခဲ့ရပေမယ့် ဒီရာသီမှာတော့ အန်ဖီးကွင်းကို ရောက်လာခဲ့ပါပြီ။ ပွဲထွက်ခွင့်နည်းနေသေးပေမယ့် တောက်ပတဲ့ခြေစွမ်းတွေ ပြသခဲ့ပြီး လီဗာပူးအသင်း လူစာရင်းကို ပိုမိုအင်အားတောင်စေခဲ့ပါတယ်။

ပြောင်းရွှေ့ကြေး – £12m

9. Fabinho

အခုထိ ဘာကိုမှ ရေရေရာရာ မပြောနိုင်သေးပေမယ့် ဘရာဇီး ခံစစ်ကွင်းလယ်ကစားသမားဟာ တစထက် တစ အသင်းမှာ အားကိုးလို့ရနေပါပြီ။ လီဗာပူးအသင်းဟာ မာရှေးယာနို ထွက်ခွာသွားတဲ့ 2010 နောက်ပိုင်း ကွင်းလယ်ခံစစ်နေရာ ယိုပေါက်ဖြစ်နေခဲ့တာပါ။ ပီအက်ဂျီအသင်းက စိတ်ဝင်စားခြင်းကို ခံခဲ့ရဖူးတဲ့ ဘရာဇီးသားဟာ လီဗာပူးအတွက် ထင်ထင်ရှားရှား အစွမ်းမပြရသေးပေမယ့် မကြာခင်မှာတော့ ဖာဘင်ဟိုရဲ့ တန်ကြေးတွေကို လီဗာပူးပရိသတ်တွေ မြင်တွေ့ရမယ်လို့ မျှော်လင့်ထားရပါတယ်။

ပြောင်းရွှေ့ကြေး – £43.7m

8. Naby Keita

လီဗာပူးပရိသတ်တွေ စိတ်လှုပ်ရှား စောင့်ကြည့်နေရတဲ့ ကစားသမားပါ။ လပ်ဇစ်အသင်းမှာ တောက်ပတဲ့ခြေစွမ်းတွေ ပြသခဲ့တဲ့ ကြယ်ပွင့်လေးဟာ စတီဗင်ဂျ၇တ်ရဲ့ ဂန္တဝင်နံပါတ်ကို ဆက်ခံသူဖြစ်လာပါတယ်။ လီဗာပူးကစားသမားဘဝ အစောပိုင်းမှာ ခြေစွမ်းပြခဲ့ပေမယ့် ယာဂင်ကလော့ပ်ရဲ့ လူစာရင်းမှာ အခြေကျဖို့ အချိန်ယူရပါဦးမယ်။ သူဟာလည်း ဖာဘင်ဟိုလို ရေရှည်ရည်မှန်းချက်အတွက် ခေါ်ယူထားသူဖြစ်လို့ အသေအချာ အကဲဖြတ်ဖို့က စောလွန်းပါသေးတယ်။

ပြောင်းရွှေ့ကြေး – £52.75m

7. Alisson

ကာလတိုအတွင်းမှာပဲ လီဗာပူးပရိသတ်တွေရဲ့ ယုံကြည်မှုကိုကော၊ ကလပ်အသင်းအတွက် အကျိုးအမြတ်ပါ ဖြစ်စေတဲ့ ကစားသမားပါ။ ဂိုးသမားတစ်ယောက်အတွက် ပေါင် 65 သန်း ရင်းရလောက်အောင် တည်ငြိမ်မှုနဲ့ ကာကွယ်နိုင်စွမ်းတွေရှိတယ်။ အန်ဖီးဂိုးပေါက်အတွက် နောက်ထပ် ဆယ်စုနှစ်ကြာ ပွဲထွက်ပေးနိုင်မယ့် ကမ္ဘာထိပ်တန်းအဆင့် ဂိုးသမားကောင်းဖြစ်ပါတယ်။ သူ့ရဲ့လက်စွမ်းဟာ လီဗာပူးအသင်းရဲ့ ခံစစ်ကြောင်းကို ပိုမိုလုံခြုံစေမှာပါ။

ပြောင်းရွှေ့ကြေး – £65m

6. Gini Wijnaldum

ယာဂင်ကလော့ပ်ဟာ ဝိုက်နယ်ဒမ်ကို ခေါ်ယူခဲ့တာက ကွင်းလယ်တိုက်စစ်အတွက်လား တိုက်စစ်ပိုင်း သုံးယောက်တန်း အတွက်လားလို့ မေးခွန်းကြီးခဲ့တယ်။ ဒါပေမယ့်လို့ ကလော့ပ်က နယ်သာလန် ကွင်းလယ်ကစားသမားကို ကွင်းလယ်ပိုင်း စည်းစနစ်ကျစေတဲ့ ဗဟိုကွင်းလယ်လူအဖြစ် အသုံးပြုခဲ့ပါတယ်။ ယာဂင်ကလော့ပ်ရဲ့ ပြုပြင်ပြောင်းလဲမှုမှာ အဓိကကျသူတစ်ဦးအဖြစ် ပါဝင်နိုင်ခဲ့ပြီး သူ့ရဲ့လုပ်အားနှုန်းနဲ့ ကြံ့ခိုင်မှုက လီဗာပူးကွင်းလယ်မှာ အမြဲတမ်း ပါဝင်ခွင့်တွေ ရစေခဲ့တယ်။

ပြောင်းရွှေ့ကြေး – £25m

5. Alex Oxlade-Chamberlain

ချိန်ဘာလိန်ကို ခေါ်ယူမယ်လို့ သတင်းကြီးတုန်းကတော့ ပရိသတ်တွေကြား အကြိုက်တွေ့ခြင်း မခံခဲ့ရပါဘူး။ ဒါပေမယ့်လည်း ဂန်းနားကွင်းလယ်သမားဟောင်းဟာ ယာဂင်ကလော့ပ် လက်အောက်မှာ အထူးတောက်ပလာခဲ့တယ်။ အာဆင်နယ်မှာ တိမ်မြုပ်နေတဲ့ သူ့ရဲ့အရည်အချင်းတွေက လီဗာပူးကစားသမားဘဝမှာ အထူးတောက်ပခဲ့ပါတယ်။ ကွင်းလယ်မှာ ပေါက်ကွဲအားကောင်းတဲ့ ချိန်ဘာလိန်ဟာ လီဗာပူးရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ပြေးလမ်းကြောင်းမှာ အခရာကျစေခဲ့သူပါ။ ဒူးဒဏ်ရာကြောင့် ဒီရာသီ ရာသီကုန်ထိ အနားယူရမှာက လီဗာပူးအတွက် အကြီးမားဆုံး ဆုံးရှူံးမှုဖြစ်စေခဲ့ပါတယ်။

ပြောင်းရွှေ့ကြေး – £35m

4. Andy Robertson

ဆယ်ဆုနှစ်လောက် ရုန်းကန်လာရတဲ့ ဘယ်နောက်ခံနေရာမှာ ရော်ဘတ်ဆန်ဟာ နေရာမြဲမြဲ ရခဲ့မယ်လို့ ဘယ်သူကမှ မထင်ခဲ့ပါဘူး။ တန်းဆင်းသွားတဲ့ ကလပ်အသင်းက အဓိက ခံစစ်သမားဟာ အထက်တန်းစား ဘယ်နောက်ခံလူတွေကြားမှာ နာမည်ချို့တဲ့ခဲ့တယ်။ ဒါပေမယ့်လို့ ယာဂင်ကလော့ပ်လက်ထက် မြင့်မားတဲ့ လုပ်အားနှုန်း၊ ကောင်းမွန်တဲ့ ဖြတ်တင်ဘောတွေနဲ့ ပရီးမီးယားလိဂ် အကောင်းဆုံး ဘယ်နောက်ခံလူစာရင်းထဲ ပါဝင်လာနိုင်ခဲ့ပါတယ်။ 2018 ခုနှစ်အတွက် လီဗာပူးရဲ့ ခြေစွမ်း အတည်ငြိမ်ဆုံး ကစားသမားလို့ ဆိုနိုင်သူပါ။

ပြောင်းရွှေ့ကြေး – £10m

3. Sadio Mane

ဆောက်တမ်တန်ကနေ ပြောင်းလာခဲ့တဲ့ ညာတောင်ပံတိုက်စစ်သမားဟာ ထူးချွန်ပေမယ့် သူ့ရဲ့ အမြင့်ဆုံး ပေါက်ကွဲအားတွေက အန်ဖီးမှာ ပေါ်ထွက်လာခဲ့တာပါ။ လီဗာပူးကစားသမားဘဝ အဖွင့်ပွဲမှာတင် အာဆင်နယ်အသင်းကို အံ့မခန်းတဲ့ သွင်းဂိုး ရယူပေးနိုင်ခဲ့တယ်။ ဂိုးသွင်းနိုင်တယ်၊ လုပ်ရှားမှုကောင်းတယ်၊ ခံစစ်ပိုင်းပါ ကူညီနိုင်ပြီး လုပ်အားနှုန်း မြင့်မားသူဖြစ်တယ်။ ယာဂင်ကလော့ပ် အကောင်းဆုံး ပြောင်းလဲပေးခဲ့တဲ့ တောင်ပံသမားဖြစ်ပြီး နောက်ပိုင်းမှာ ဘယ်တောင်ပံကို ပြောင်းရွှေ့ကစားနေပါတယ်။ လီဗာပူးအသင်းက သူ့အတွက် အသုံးပြုထားတဲ့ ပြောင်းရွှေ့ကြေးက ထိုက်တန်လွန်းပါတယ်။

ပြောင်းရွှေ့ကြေး – £30m

2. Mohamed Salah

ကမ္ဘာအကောင်းဆုံး တိုက်စစ်သမားတွေကို အမြဲပိုင်ဆိုင်ခဲ့တဲ့ လီဗာပူးအသင်းအတွက် အရေးပါလှတဲ့ တိုက်စစ်သမားပါပဲ။ ဆာလက်ရဲ့ တောက်ပမှုကြောင့် လီဗာပူးဟာ ရိုးမားဂိုးသမား အယ်လီဆန်ကို ခေါ်ယူရာမှာ နစ်နာကြေးသဘော ပြောင်းရွှေ့ကြေး အပိုတောင် ထပ်ပေးခဲ့ရပါတယ်။ ပရီးမီးယားလိဂ်သမိုင်းမှာ ဘယ်လို နာမည်ကျော် တိုက်စစ်သမားကမှ မလုပ်နိုင်ခဲ့တဲ့ တရာဦ သွင်းဂိုး 32 ဂိုးထိ သွင်းနိုင်ခဲ့တယ်။ မနှစ်ကရာသီ လီဗာပူးအသင်းအတွက် သွင်းဂိုး 44 ဂိုးထိ သွင်းပေးခဲ့တဲ့ အီဂျစ်သားဟာ ကမ္ဘာအကောင်းဆုံး တိုက်စစ်သမားစာရင်းထဲ ထိပ်တန်းက ပါဝင်ခွင့်ရအောင်ကို ခြေစွမ်းထက်မြက်ခဲ့ပါတယ်။

ပြောင်းရွှေ့ကြေး – £36.9m

1. Virgil van Dijk

ဘယ်သူတွေ ဘယ်လောက်ထိ အရေးပါကြပါစေ လီဗာပူးအတွက် အရေးပါဆုံးက ဗန်ဒိုက်ပါပဲ။ အကယ်လိုများ ဗန်ဒိုက် ဒဏ်ရာရသွားခဲ့ရင် လီဗာပူးခံစစ်က စိုးရိမ်ရေမှတ်ကို ရောက်သွားမှာပါ။ လီဗာပူးနောက်တန်းမှာ ကမ္ဘာအဆင့် ဗဟိုခံစစ်သမားတစ်ယောက်ကို လက်ညိုး ထိုးမပြနိုင်တာ နှစ်ပေါင်း များစွာ ကြာခဲ့ပါပြီ။ ခံစစ်ကို အတည်ငြိမ်ဆုံးဖြစ်အောင် ဦးဆောင်နိုင်ပြီး အသင်းဖော်တွေကို နေရာချပေးနိုင်စွမ်းရှိတယ်။ စစ်မှန်တဲ့ ခေါင်းဆောင်ကောင်းလည်းဖြစ်ပြီး ပရီးမီးယားလိဂ် ပြိုင်ဘက်တိုင်းက အသိအမှတ်ပြုရတဲ့ ခံစစ်သမားကောင်းဖြစ်ပါတယ်။ အသက် 27 နှစ်အရွယ် ခံစစ်သမားဟာ နောက် နှစ်ပေါင်းများစွာ လီဗာပူးအသင်းခံစစ်ကို ဦးဆောင်ပေးမှာဖြစ်ပြီး သူ့ရဲ့ ထိန်းကွပ်နိုင်မှုမှာ အန်ဖီးကွင်းဟာ အနိုင်ယူဖို့ခက်တဲ့ ကွင်းတစ်ကွင်းအဖြစ် ဆက်ရှိနေဦးမှာပါ။

ပြောင်းရွှေ့ကြေး – £75m

ယာဂင်ကလောပ့်လက်ထက် အကောင်းဆုံး ခေါ်ယူမှု 10 ခုအဖြစ် TIA က ဖော်ပြထားမှုဖြစ်ပြီး ကိုယ်ပိုင် အမြင်တွေနဲ့ အခြားသော ခေါ်ယူမှုကောင်းတွေကိုလည်း ထင်မြင်ချက်တွေပေးကြဖို့ ကြိုဆိုပါတယ်။

Sports Home Time