မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် အနေနဲ့ ဝေဖန်မှုတွေ များနေတဲ့ အိုးထရက်ဖို့ဒ်ကနေ ထွက်ကာ စိန်ခေါ်မှု အသစ်တွေ ရင်ဆိုင်ဖို့ အသင်းပြောင်းသင့်ကြောင်း ပရီးမီးယားလိဂ် ကွင်းလယ်ဟောင်းကြီး ဂျိုကိုးလ်က တိုက်တွန်းလိုက်ပါတယ်။
ဂျိုကိုးလ်က ” ကျွန်တော်သာ ဘရူနို ဖာနန်ဒက်စ် ဆိုရင် မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ပြီး အသင်းသစ် ပြောင်းဖို့ သေချာပေါက် ရှာဖွေနေပါပြီ။
အသင်း ရလဒ်မကောင်းရင်း နေရာစုံက မြှားအစင်းပေါင်းများစွာ သူကချည်း ဦးဆုံးခံရ ပြောခံရတော့တာ။ သူ ညတိုင် အိမ်ပြန်သွားရင် အသင်းကို ဆွဲတင်နေတာ သူတစ်ယောက်တည်း ဆိုပေမယ့် ဘာလို့ သူ့ချည်းပဲ အပြောဆို ခံနေရတာလဲ နဖူးပေါ်လက်တင် စဉ်းစားနေမိမှာပါ။
ဒီနှစ်တွေထဲ မန်ချက်စတာ ယူနိုက်တက်မှာ တောက်ပနေတဲ့ တစ်ခုတည်းသော အလင်းတန်းက ဘရူနို ဖာနန်ဒက်စ်ပါ။ သူက ဘောလုံးသမားကောင်း ဖြစ်တယ်။ အသင်းကို ဆွဲတင်နေတယ်။ ဒါပေမယ့် သူက ထိပ်တန်း ကစားသမား တစ်ယောက် ဆိုတာ တခြားနေရာမှာ သွားပြီး သက်သေပြဖို့ လိုနေပြီ။
သူ ဒီကလပ်အသင်းက လူတွေ အားလုံးကို စွန့်ခွာသင့်နေပါပြီ။ အသင်းပိုင်ရှင်တွေ၊ ပရိသတ်တွေ၊ ဝေဖန်မှုတွေ ခါးစည်းခံနေရတဲ့ သူက ပန်းပေးနှစ်သိမ့်နေတဲ့ မန်နေဂျာ..။
သူက ကစားသမားကောင်း တစ်ယောက်ပါ။ ကျွန်တော်သာ သူ ဆိုရင် ဆုဖလားတွေ ရယူနိုင်တဲ့ အသင်း တစ်သင်းကို ပြောင်းရွှေ့ ကစားနေလောက်ပြီ။ ” လို့ သုံးသပ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်ရဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲမှာ ဖာနန်ဒက်စ်က ၈ ဂိုး သွင်း၊ ၃ ဂိုး ထောက်ပံ့မှု ပြုလုပ်ထားခဲ့ကာ အသင်းရဲ့ အဓိက ကစားသမား အဖြစ် စွမ်းဆောင်နေပါတယ်။