ရီးရဲလ်မက်ဒရစ် တိုက်စစ်မှုး အမ်ဘာပေ ကတော့ ချန်ပီယံလိဂ် နောက်တစ်ဆင့် ၁၆ သင်း ရှုံးထွက်မှာ ဘယ်အသင်းနဲ့ ပြိုင်ဘက် အဖြစ် တွေ့ချင်သလဲ ဆိုတာ ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ် ဟာ အမ်ဘာပေ ရဲ့ ဟက်ထရစ် သွင်းဂိုးနဲ့ အတူ ချန်ပီယံလိဂ် play off ဒုတိယ အကျော့မှာ မန်စီးတီး အသင်းကို အနိုင်ယူပြီး နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပထမ အကျော့တုန်းက စီးတီးကို အီတီဟက်မှာ ၃-၂ နဲ့လည်း နိုင်ခဲ့သေးတာကြောင့် ရီးရဲလ်တို့ နှစ်ကျော့ပေါင်း ၆-၃ နဲ့ အပြတ် အနိုင်ရခဲ့တာပါ။
ရှုံးထွက် အဆင့်မှာ ဘယ်အသင်းနဲ့ ရင်ဆိုင်တွေ့ချင်သလဲ မေးမြန်းခံခဲ့ရရာ အမ်ဘာပေ ကတော့ ထူးခြားတဲ့ အသင်း တစ်သင်းကို ရွေးချယ်ခဲ့ပါတယ်။
” ရိုးရိုးသားသား ပြောရရင် အက်သလက်တီကို နဲ့ တွေ့ချင်ပါတယ်။ သူတို့ရော ဘိုင်ယန်ရောက အသင်းကောင်းတွေပါ။ နှစ်သင်းလုံး က ခက်ခဲတဲ့ ပြိုင်ဘက်တွေ ဖြစ်မှာပဲ။
ဒါပေမယ့် နောက်တစ်ဆင့်မှာ ခရီး အဝေးကြီး သွား မကစားရရင် ကျွန်တော်တို့ အတွက် ပိုကောင်းမယ် ထင်တယ်။ အခုဆို ကျွန်တော်တို့ ခရီးတွေ အများကြီး သွားနေရပါတယ်။
ဘိုင်ယန် လီဗာကူဆင် လား အက်သလက်တီလား ဆိုရင်၊ နှစ်သင်းလုံး ခက်ပေမယ့် ကျွန်တော်ကတော့ အက်သလက်တီ ကို ရွေးပါမယ်။ ဒါဆို ခရီးသွားရ သက်သာသွားမှာ။ ” လို့ ဘာပေက သုံးသပ် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။