ဒီရာသီ ချန်ပီယံလိဂ် ဗိုလ်စွဲနိုင်တဲ့ အသင်း ၄ သင်း ဂွာဒီယိုလာ ရွေးချယ်၊ စီးတီး အရှုံးနဲ့ ပတ်သက်ပြီး မှတ်ချက်ပြု

မန်စီးတီးအသင်းဟာ မနေ့ညက ဘာနေဗျူးမှာ ရီးရဲလ်မက်ဒရစ်ကို မယှဉ်နိုင်ဘဲ ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နှစ်ကျော့ပေါင်း ၆-၃ နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

စီးတီးရဲ့ ဥရောပ ပြိုင်ပွဲက ထွက်ရ အပြီးမှာ ဒီရာသီ ချန်ပီယံလိဂ် ဗိုလ်စွဲနိုင်တဲ့ အသင်း ၄ သင်းကို နည်းပြ ပက် ဂွာဒီယိုလာက ရွေးချယ်ခဲ့ပါတယ်။ စီးတီးကို အနိုင်ယူခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ကတော့ ရေပန်းအစားဆုံး ‘favourites’ အသင်း ဖြစ်မယ် လို့လည်း ၎င်းက ဆိုပါတယ်။

” မက်ဒရစ်ကတော့ ချန်ပီယံလိဂ်မှာ အဓိက စိန်ခေါ်သူ ဖြစ်မှာပေါ့။ ဒါ သေချာပါတယ်။ ဒါပေမယ့် တခြား ကောင်းတဲ့ အသင်းတွေလည်း ကျန်ရှိနေသေးတယ်။ ဒါက ချန်ပီယံလိဂ်ကို ပိုပြီး ရင်ခုန်စရာ ဖြစ်စေမှာပါ။

ဒီ ဆုဖလားနဲ့ ပတ်သတ်လာရင်တော့ မက်ဒရစ်က အမြဲတမ်း ရေပန်းအစားဆုံး ဖြစ်နေမှာပါပဲ။ တခြား ကောင်းတဲ့ အသင်းတွေလည်း ရှိပေမယ့်လေ။ လီဗာပူး ဆိုရင်လည်း အခုထိ သိပ်ကောင်းတဲ့ ဘောလုံးရာသီ ပိုင်ဆိုင်ထားတယ်။

ဘာစီလိုနာ ဆိုလည်း အံ့ဖွယ် လုပ်ပြနေတယ်။ ကျွန်တော့် သူငယ်ချင်း လူးဝစ် နည်းပြနေတဲ့ ပီအက်စ်ဂျီ အသင်း ဆိုလည်း စောင့်ကြည့်မှာ ရှိသေးတယ်။ ” လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။

ညက ရှုံးပွဲနဲ့ ပတ်သတ်ပြီးတော့လည်း စပိန်သား နည်းပြကြီးက ” အကောင်းဆုံး အသင်း အနိုင်ရသွားတာပါပဲ။ သူတို့က ထိုက်တန်ပါတယ်။ ” လို့ မှတ်ချက်ပြုခဲ့ပါတယ်။