ဆာဂျီရို အဂွယ်ရို ကတော့ မန်ချက်စတာ စီးတီးရဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ပွဲ မတိုင်ခင်မှာ ဒီပွဲ ရီးရဲလ်သာ နိုင်ရင် သူ့ရဲ့ ေ-ွးဥပါ ဖြတ်ပစ်မယ် လို့ ရဲတင်းစွာ ကြွေးကြော်ခဲ့တာအတွက် နောင်တ ရနေလောက်ပါပြီ။
အဂွယ်ရိုဟာ မန်စီးတီးမှာ ၂၀၁၁ ကနေ ၂၀၂၁ ထိ ဆယ်နှစ်တာ ကစားခဲ့တာ ဖြစ်ကာ သူ့အသင်းဟောင်း မန်စီးတီးဟာ ချန်ပီယံလိဂ် playoff မှာ ရီးရဲလ်မက်ဒရစ်ကို လုံးဝ မရှုံးနိုင်ဘူးလို့ ၎င်းက ယုံကြည်ခဲ့တာ ဖြစ်ပါတယ်။
ပွဲမတိုင်ခင် သုံးသပ်မှုမှာ အဂွယ်ရိုက ” ရီးရဲလ်မက်ဒရစ်က မန်စီးတီးကို ဘယ်လိုမှ မနိုင်ဘူးဗျာ။ သူတို့သာ စီးတီးကို နိုင်ရင် ကျွန်တော် ေ-ွးဥ ဖြတ်ထုတ်ပစ်လိုက်မယ်။ ” လို့ ရဲရဲတင်းတင်း ဆိုခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးဟာ အီတီဟက်မှာ မိနစ် ၈ဝ ပြည့်ချိန် ဟာလန်း ပင်နယ်တီ ကန်ပြီးနောက် ၂-၁ နဲ့ ဦးဆောင်ထားတာကြောင့် နိုင်ပွဲရပြီ ထင်ခဲ့ပေမယ့် ဥရောပ ဘုရင်ကြီး ရီးရဲလ်မက်ဒရစ်ရဲ့ အံ့ဖွယ် ရုန်းအားကြောင့် ၈၆ မိနစ်နဲ့ ၉၂ မိနစ်မှာ ဂိုးတွေ ပြန်ပေးခဲ့ရပြီး ၂-၃ နဲ့ ရှုံးသွားခဲ့တာ ဖြစ်ပါတယ်။
ရီးရဲလ် ဂိုးတွေ သွင်းသွားတဲ့ ၅ မိနစ်တာဟာ စီးတီးနဲ့ အဂွယ်ရို တို့ အတွက် ငရဲခန်း ဖြစ်ဖွယ် ရှိပြီး ရီးရဲလ်အတွက် အနိုင်ဂိုး ကို စီးတီးအသင်းသားဟောင်း ဘယ်လင်ဟမ်က သွင်းသွားတာကြောင့် ပိုပြီး နာလို ခံခက် ဖြစ်မှာ အမှန်ပါပဲ။
ဒုတိယအကျော့ကို ဘာနေဗျူးမှာ သွားကစားရမယ့် စီးတီးတို့ ချန်ပီယံလိဂ်ကနေ စောစော ထွက်ရဖို့များနေသလို စကားကျွံထားတဲ့ အဂွယ်ရို တစ်ယောက်လည်း ဘယ်လို ဖြေစကားတွေ ပြောလာဦးမလဲ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။