အာဆင်နယ်အသင်းဟာ ပြိုင်ဘက်အသင်းကြီးတွေ ဖလားပွဲစဉ်တွေနဲ့ လုံးပမ်းနေချိန်မှာ ပူနွေးတဲ့ ရာသီဥတု ရှိရာ ဒူဘိုင်းမှာ သွားရောက် အားဖြည့်ပြီး စခန်းသွင်း လေ့ကျင့်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ဦးဆောင်ထားသူ လီဗာပူးနဲ့ ၆ မှတ် ကွာဟနေပေမယ့် ဂန်းနားတွေဟာ လျှော့တွက်လို့ ရသူတွေ မဟုတ်ဘဲ ဒူဘိုင်းထရိန်နင်မှာ ထူးခြားမှုတွေကို စုစည်း တင်ပြပေးလိုက်ပါတယ်။
ဘန်ဝှိုက် ပြန်လာပြီ
အသက် ၂၇ နှစ် အရွယ် နောက်ခံလူဟာ နိုဝင်ဘာတည်းက ဒဏ်ရာကြောင့် မပါနိုင်ခဲ့ပေမယ့် ဒူဘိုင်းက ထရိန်နင်မှာတော့ ပူးပေါင်းလေ့ကျင့်နေပါပြီ။ ဝှိုက် မပါနိုင်ချိန်မှာ လူးဝစ် စကယ်လီက ဝင်ဖြည့်နေပေမယ့် အာဆင်နယ်က ဘန်ဝှိုက်ကို ပြန်ရလိုက်ရင် အင်အားကြီး တစ်ရပ် တိုးလာခြင်းပါပဲ။
မာတင်နယ်လီနဲ့ တိုမီယာဆု မပါ
အာဆင်နယ်အသင်းရဲ့ ဒူဘိုင်းက ပထမရက် ထရိန်နင်မှာ မာတင်နယ်လီနဲ့ တိုမီယာဆု ကို မတွေ့ရပါဘူး။ မာတင်နယ်လီက ကာဆယ်နဲ့ ပွဲမှာ တံကောက်ကြော နာသွားခဲ့တာ ဖြစ်ပြီး တိုမီယာဆုကတော့ ဒူးဒဏ်ရာကြောင့်ပါ။
ဆာကာ ထရိန်နင် မပါပေမယ့် အတူရှိနေခြင်း
အာဆင်နယ်ရဲ့ ထရိန်နင်ပုံတွေမှာ ဆာကာ မပါဝင်ပေမယ့် အသင်းဖော်တွေနဲ့ အတူ ဒူဘိုင်း ထရိန်နင်ကို လိုက်ပါလာခဲ့ပါတယ်။ ဒီဇင်ဘာလ ပဲလေ့စ်နဲ့ ပွဲတည်းက တံကောက်ကြော ဒဏ်ရာရထားတဲ့ ဆာကာက နောက်လလောက်ဆို ပြန်ပါဝင်နိုင်ဖွယ် ရှိပါတယ်။
ဒိုမန်း အတွက် အခွင့်အရေး
မက်ဇ် ဒိုမန်း အတွက်တော့ နည်းပြ အာတီတာ အထင်ကြီးအောင် လုပ်ခွင့် ရတော့မှာပါ။ အသက် ၁၅ နှစ် အရွယ် ကွင်းလယ်ကစားသမားလေးက ဒူဘိုင်း ထရိန်နင်မှာ ပါလာပြီး ပထမအသင်းကြီး နည်းပြ ရှေ့မှောက်မှာ လုပ်ပြခွင့် ရမှာ ဖြစ်ပါတယ်။