ချယ်ဆီး ၃၊ မန်ချက်စတာ ယူနိုက်တက် ၂၊ အာဆင်နယ် ၁ တို့ အထွက် ရှိနေတဲ့ ဇန်နဝါရီ ဈေးကွက် နောက်ဆုံးအပတ်ထဲ ဖြစ်နိုင်ဖွယ်များ

လက်ရှိ ဇန်နဝါရီ ဈေးကွက် နောက်ဆုံးအပတ်ထဲမှာ ဖြစ်လာနိုင်တဲ့ ပရီးမီးယားလိဂ် အပြောင်းအရွှေ့ ၁၂ ခု ထိ ရှိနေပါတယ်။

အိုင်ဆက် (နယူးကာဆယ်)

အာဆင်နယ်ရဲ့ လူသိရှင်ကြား ပစ်မှတ် ဖြစ်တဲ့ အိုင်ဆက်ကို နယူးကာဆယ်က ပေါင် သန်း ၁၂ဝ ဈေး သတ်မှတ်ထားတာကြောင့် ဂန်းနားတို့ အခက်တွေ့နေပါတယ်။ ဒီအခြေအနေကို ချယ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ် တို့ကလည်း လှုပ်ရှားဖို့ စောင့်ကြည့်နေပါပြီ။

အီဗာန် ဖာဂူဆန် (ဘရိုက်တန်)

စပါး၊ ဘုန်းမောက်၊ အဲဗာတန်၊ ဖူလ်ဟမ်၊ ဝက်စ်ဟမ်းနဲ့ ဆဲလ်တစ်တို့ အားလုံးက ၎င်းကို အငှားနဲ့ ခေါ်ယူလိုနေကြပြီး လောလောဆယ် ဝက်စ်ဟမ်းက အသာရနေပါတယ်။

ဂါနာချို (မန်ချက်စတာ ယူနိုက်တက်)

Homegrown ကစားသမား ဖြစ်လို့ ဂါနာချို ရောင်းရငွေဟာ အသားတင် အမြတ်အဖြစ် စာရင်းဝင်မှာက ယူနိုက်တက် ဂါနာချိုကို ရောင်းချင်နေတဲ့ အဓိက အချက်ပါ။ ဒါပေမယ့် ပေါင် သန်း ၆ဝ ဆိုဈေးကြောင့် နာပိုလီ မလှုပ်တော့ပေမယ့် ချယ်ဆီးက ကမ်းလှမ်းဖို့ စဉ်းစားနေပါတယ်။

မားကပ် ရက်ဖို့ဒ် (မန်ချက်စတာ ယူနိုက်တက်)

အမ်မိုရင်းကတော့ ရက်ဖို့ဒ်ကို သူ မသုံးဘူးလို့ စကားလုံး ပြင်းပြင်းတွေနဲ့ အပြတ် ပြောထားပါပြီ။ ဒါပေမယ့် အင်္ဂလန်သားရဲ့ လစာကြောင့် ကမ်းလှမ်းမှု မရှိလာသေးပါဘူး။

ချူဝူမီကာ (ချယ်ဆီး)

ပေါ်တို၊ ဂျူဗင်တပ်၊ အဲဗာတန်၊ ဝက်စ်ဟမ်း၊ ဒေါ့မွန်၊ စထရက်ဘော့ အသင်းတို့ အားလုံးက ချယ်ဆီး ကွင်းလယ်လူကို ခေါ်ယူလိုနေကြပါတယ်။

Kiernan Dewsbury-Hall (ချယ်ဆီး)

အဲဗာတန်နဲ့ ဝက်စ်ဟမ်းတို့ နောက်ထပ် အလိုရှိနေတဲ့ ကစားသမားပါ။ လောလောဆယ်ထိတော့ ထူးခြားဖွယ် မရှိသေးပါဘူး။

ဘန်ချေးဝဲလ် (ချယ်ဆီး)

အသက် ၂၈ နှစ် အရွယ် ကစားသမားဟာ နောက်ကျမှ ဖြစ်ဖြစ် အငှားနဲ့ ထွက်ဖို့ မျှော်လင့်ထားပါတယ်။ ဒေါ့မွန်က အလေးသာနေပြီး ဝက်စ်ဟမ်း၊ ပဲလေ့စ်၊ အဲဗာတန်တို့ထံလည်း ချေးဝဲလ် ရောက်သွားနိုင်နေပါတယ်။ ယူနိုက်တက်ကလည်း အခြေအနေ စောင့်ကြည့်နေတာပါ။

ဂျိမ်းစ် မက်အတီး (မန်စီးတီး)

ပွဲကစားချင်နေတဲ့ အသင်းသားကို စီးတီးက အငှား ဒါမှမဟုတ် အပြီး ရောင်းဖို့ စဉ်းစားနေပါတယ်။ ဒီအတွက် လီဗာကူဆင်နဲ့ စကား ပြောနေသလို လိုက်ပ်ဇစ်၊ ဒေါ့မွန်၊ စတုဂတ်နဲ့ မိန့်ဇ်တို့ကလည်း ကမ်းလှမ်းမှုအတွက် ဆွေးနွေးထားပါတယ်။

ဇင်ချန်ကို (အာဆင်နယ်)

ယူကရိန်းသားကို အက်သလက်တီကို မက်ဒရစ်က အလိုရှိနေပြီး ဒေါ့မွန်ကလည်း စောင့်ကြည့်နေပါတယ်။ အာဆင်နယ်ကတော့ ပေါင် သန်း ၂ဝ ရရင် ရောင်းမှာ ဖြစ်ပါတယ်။

ကွန်ဟာ (ဝုဗ်)

ဝုဗ် အသင်းခေါင်းဆောင်က အခုထိ စာချုပ်သစ် မချုပ်ရသေးပါဘူး။ တိုက်စစ်မှုး ကွန်ဟာကို အာဆင်နယ်၊ ဗီလာ၊ စပါးစ်၊ မန်ချက်စတာ ယူနိုက်တက်နဲ့ ဖောရက်စ်တို့ အားလုံးက စောင့်ကြည့်နေကြပါတယ်။ ဝုဗ်ကတော့ ပေါင် သန်း ၇ဝ လောက်ထိ အလိုရှိနေတာပါ။

ဒေါက်ဂလပ် လူးဝစ် (ဂျူဗင်တပ်)

မန်စီးတီးရော ကွင်းလယ်သမားကို အငှားခေါ်ဖို့ ဂျူဗင်တပ်နဲ့ ဆွေးနွေးနေပါတယ်။ ချယ်ဆီးကလည်း မေးမြန်းထားဖူးပါတယ်။

ဒူရန် (အက်စတွန်ဗီလာ)

ဗီလာက ပေါင် သန်း ၈ဝ ထိ ရချင်နေတဲ့ တိုက်စစ်မှုးက အရန်ခုံ ပို့ထားခံနေပါတယ်။ ၎င်းကို ခေါ်ယူရေး ဝက်စ်ဟမ်း ကြိုးစားမှုက မအောင်မြင်ခဲ့ပါဘူး။ လောလောဆယ် အယ်နက်ဆာကလည်း ချိတ်ဆက်နေသလို ပီအက်စ်ဂျီနဲ့ ရီးရဲလ်တို့ကလည်း အရန်ပစ်မှတ် အဖြစ် ထည့် စဉ်းစားနေပါတယ်။