ပုံစံသစ်နဲ့ သွားနေတဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ် phase အဆင့်ပွဲတွေကတော့ ပြီးဆုံးဖို့ တစ်ပွဲသာ ကျန်ရှိပါတော့တယ်။
လက်ရှိ ၃၆ သင်း ကစားနေတဲ့ ချန်ပီယံလိဂ် phase အဆင့် ကနေ အဆင့် ၁ ကနေ ၈ အထိက ရှုံးထွက် အဆင့်ကို တိုက်ရိုက် တက်မှာပါ။
အဆင့် ၉ ကနေ ၂၄ ထိ က play-off ထပ်ကန်ကာ နိုင်တဲ့ အသင်းတွေပဲ နောက်တစ်ဆင့် ရှုံးထွက်ကို တက်မှာ ဖြစ်ပြီး အဆင့် ၂၅ ကနေ ၃၆ အသင်းတွေနဲ့ play off မှာ ရှုံးတဲ့ အသင်းတွေ ကတော့ တန်းဆင်း အနေနဲ့ ပြိုင်ပွဲကနေ ထွက်ရမှာ ဖြစ်ပါတယ်။
အင်္ဂလိပ် ကလပ်အသင်းတွေထဲမှာ စီးတီးကလွဲလို့ ကျန်အသင်းတွေကတော့ နောက်တစ်ဆင့် အတွက် အခြေအနေ ကောင်း နေကြပြီ ဖြစ်ပါတယ်။
လီဗာပူး
လီဗာပူးက တစ်ပွဲကျန်ချိန် အမှတ်ပေးဇယား ထိပ် အဆင့် ၁ မှာ ရပ်တည်နေတဲ့ အသင်း ဖြစ်ပါတယ်။ နောက်တစ်ပတ် PSV နဲ့ ပွဲ ရှုံးရင်တောင် လီဗာပူးက အဆင့် ၈ အပြင် မရောက်နိုင်တာ သေချာတာကြောင့် နောက်တစ်ဆင့်ကို ဂုဏ်ထူးနဲ့ တက်ပြီးသား အသင်း ဖြစ်ပါတယ်။
အာဆင်နယ်
တစ်ပွဲကျန်ချိန် အဆင့် ၃ မှာ ရပ်တည်နေတဲ့ အာဆင်နယ်က နောက်အပတ် ဂျီရိုနာနဲ့ ကန်ရမှာ ဖြစ်ပါတယ်။ အဲဒီပွဲ ရှုံးရင်တောင် အဆင့် ၈ အတွင်း တင်ကျန်မှာ ဖြစ်လို့ နောက်တစ်ဆင့် တက်ဖို့ ဂန်းနားတို့ စိတ်ချရပါပြီ။
အက်စတွန်ဗီလာ
အူနိုင်း အမ်မရီရဲ့ အသင်းက အဆင့် ၉ မှာ ရှိနေပြီး လက်ကျန်ပွဲကတော့ ဆဲလ်တစ်နဲ့ ဗီလာပါ့ခ်မှာ ကစားရမှာပါ။ အဲဒီပွဲ အနိုင် ကစားနိုင်ရင်တော့ အဆင့် ၈ ထဲ ဝင်ပြီး Playoff မကစားရပါဘဲ ရှုံးထွက်ကို တိုက်ရိုက် တန်းတက်ခွင့် မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။
မန်စီးတီး
လက်ရှိ အဆင့် ၂၅ – တန်းဆင်းဇုန် ရောက်နေတဲ့ မန်စီးတီးက နောက်ဆုံးပွဲ ဖြစ်တဲ့ ကလပ်ဘရုချ်နဲ့ ပွဲမှာ သရေနဲ့ အရှုံးသာ ဆိုရင် စီးတီးတို့ အိမ်ပြန်ရပြီ ဖြစ်ပါတယ်။ တကယ်လို့ အနိုင် ကစားနိုင်ရင်တော့ ၁၆ သင်း ရှုံးထွက် တက်ရေး အတွက် play off ကစားခွင့် ရနိုင်ပါတယ်။