ဒီရာသီ ချန်ပီယံလိဂ်ဖလား အောင်မြင်ဖို့ ရေပန်းအစားဆုံး အသင်း ၅ သင်း ထွက်ပေါ်

၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲဟာ အရှိန် အတော်လေး ကောင်းနေခဲ့ပြီဖြစ်ကာ ရှုံးထွက်ကို တက်ရောက်နိုင်ရေး ပွဲစဉ် ၁ ပွဲပဲ ကစားဖို့ ကျန်ရှိပါတော့တယ်။

ဒီလို အခြေအနေမှာ အင်္ဂလန်အင်အားကြီးကလပ် မန်စီးတီးက Play-off တောင် တက်ဖို့ မသေချာဖြစ်နေပြီး လီဗာပူး၊ အာဆင်နယ်တို့က ရှုံးထွက်ကို တိုက်ရိုက် တက်သွားမယ့် အဆင့်ကောင်းတွေကို သိမ်းပိုက်ထားနိုင်ပါပြီ။

ယူအီးအက်ဖ်အေဘက်က ၂၀၂၄-၂၀၂၅ ဘောလုံးရာသီကို ပရိုဂရမ်အကူအညီဖြင့် ချန်ပီယံလမ်းကြောင်းထိကို ကြိုတင် မဲခွဲပေးထားခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် မကြာခင်မှာတော့ ရင်ခုန်ဖို့ကောင်းတဲ့ တွဲဘက်မှုတွေဖြင့် ပွဲကောင်းတွေ ထပ်မံ ထွက်ပေးလာတော့မှာပါ။

လက်တလောမှာ squawka ဘက်ကတော့ ဒီရာသီ ချန်ပီယံဖြစ်မယ်လို့ ရေပန်းစား အသင်း ၅ သင်းလည်း ထွက်ပေါ်နေပါပြီ။ ၎င်းတို့ကို အစဉ်လိုက်ဖော်ပြရမယ်ဆိုရင်

၁) လီဗာပူး
၂) အာဆင်နယ်
၃) ရီးရဲလ်မက်ဒရစ်
၄) ဘာစီလိုနာ
၅) ဘိုင်ယန်မြူးနစ် တို့ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ နည်းပြသစ် အာနယ်ဆလော့ လက်အောက်မှာ ပြည်တွင်း ပြည်ပ ခြေစွမ်းကောင်းနေသလို ဘာစီလိုနာကလည်း ထိပ်တန်းတိုက်စစ်ဖြင့် ချန်ပီယံလိဂ် အမှတ်ပေးဇယားမှာ နောက်ကနေ ကပ်လိုက်နေပါတယ်။

လက်ရှိ အဆင့်တွေကို ထိန်းထားနိုင်မယ်ဆိုရင် လီဗာပူးနဲ့ ဘာစီလိုနာတို့ဟာ ဖိုင်နယ် မတိုင်ခင်ထိ ရှုံးထွက်တွေမှာ တွေ့ရဖို့ မရှိဘူးလို့လည်း သိရပါတယ်။ ဒီနှစ်သင်း နောက်ဆုံးတွေ့ခဲ့တုန်းက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဖြစ်ကာ လီဗာပူးက အနိုင်ရခဲ့ပြီးနောက် ဖိုင်နယ်တက်ခဲ့ကာ ဖလားပါ အောင်မြင်ခဲ့တာဖြစ်ပါတယ်။