ပရီးမီးယားလိဂ် တစ်ခုလုံး ငါတို့ကို ဆ-န့်-ကျ-င်-နေ-တယ် ဆိုကာ အာဆင်နယ်ပရိသတ်များ ဒေါ-သ-ထွက်

မနေ့ကပွဲတွင် အက်စတွန်ဗီလာအသင်း၏ သွင်းဂိုးအား ခွင့်မပြုခြင်းအတွက် ပရီးမီးယားလိဂ် VAR အဖွဲ့အပေါ် အာဆင်နယ်ပရိသတ်များ ဒေါသထွက်ခဲ့ကြသည်။

ဘုန်းမောက်ကို ယှဉ်ပြိုင်ကစားသည့်ပွဲအတွင်း အက်စတွန်ဗီလာအသင်း သွင်းယူသည့် သွင်းဂိုး ခွင့်ပြုမခံရခြင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီက နယူးကာဆယ်အသင်းကို အာဆင်နယ်အသင်း ပေးခဲ့ရသည့် သွင်းဂိုးအား ပြန်ပြီး အမှတ်ရစေသည်။

ဂိုးသွင်းနိုင်ခဲ့ပြီဟု ဂျွန်မက်ဂင်းက ယူဆခဲ့သော်လည်း ဘောလုံးပေးပို့လာသူ ဝတ်ကင် ဘောလုံးဆယ်ယူစဉ် စည်းဘေးကျော်နေပြီဖြစ်ကြောင်း VAR က မှတ်ယူကာ သွင်းဂိုး ပယ်ဖျက်ခဲ့သည်။

တူညီသည့်ဖြစ်ရပ်အဖြစ် မနှစ်ကရာသီ အာဆင်နယ်နဲ့ နယူးကာဆယ်ပွဲတွင် အန်တိုနီ ဂေါ်ဒန်၏ ဘောလုံးပေးချက် စည်းဘေးကျော်နေခဲ့သော်လည်း အပေါ်ကကြည့်သည့် ရှုထောင့်အရ စည်းအတွင်းမှာပဲ ရှိနေသေးသည် အကြောင်းပြကာ ဂိုးခွင့်ပြုပေးခဲ့ရသည်။

‘ လိဂ်တစ်ခုလုံးက အာဆင်နယ်ကို ဆန့်ကျင်နေတာပါ။ ဒါကို သူတို့ ဖုံးကွယ်ထားလို့ မရပါဘူး။ လိဂ်ချင်းတူတာတောင် စည်းမျဉ်း မတူညီပါဘူး ’ ဟု အာဆင်နယ် နာမည်ကြီး ဝဘ်ဆိုဒ်များက ပရီးမီးယားလိဂ်ကို ခနဲ့ကာ ဖော်ပြခဲ့သည်။

အာဆင်နယ် ပရိသတ်များအချို့ကလည်း ‘ ဒါမျိုးကျ ဂယ်ရီနဗီးက လာပြီး မရှင်းပြတော့ဘူးလား ’ ဆိုကာ နယူးကာဆယ်သွင်းဂိုး ခွင့်ပြုသင့်ကြောင်း ဗီဒီယိုဖြင့် တကူးတက ငြင်းချက်ထုတ်ခဲ့သည့် ယူနိုက်တက် ကစားသမားဟောင်းကိုပါ စောဒကတက်ခဲ့ကြသေးသည်။

တနင်္ဂနွေနေ့ပွဲတွင်း လီဗာပူးကို သရေကျခဲ့ခြင်းကြောင်း အာဆင်နယ်သည် ရာသီစ ၉ ပွဲမှာပင် ဇယားထိပ်က မန်စီးတီးနှင့် ၅ မှတ် ပြတ်နေခဲ့ပြီဖြစ်သည်။