ပွဲ ဖြစ်နေတဲ့ အင်္ဂလန်ဂျာစီနဲ့ ပတ်သတ်ပြီး ကိုယ်တိုင် ထွက်ဖြေရှင်းလာရတဲ့ နည်းပြ ဆောက်ဂိတ်

အင်္ဂလန်အသင်းရဲ့ ဂျာစီသစ်ကတော့ လူပြောသူပြောများပြီး ဝေဖန်မှုတွေ များစွာ ရှိနေပါတယ်။ နည်းပြ ဆောက်ဂိတ်ရဲ့ အသင်းဟာ ဝင်ဘာလေကွင်းကြီးမှာ အိမ်ကွင်း ပရိသတ် ၉ သောင်းရဲ့ ရှေ့မှောက်မှာ ဘရာဇီးနဲ့ ခြေစမ်းပွဲ မနက်ဖြန် ယှဉ်ပြိုင် ကစားမှာပါ။

ဒီပွဲမတိုင်ခင် ထွက်လာတဲ့ Nike ရဲ့ ဂျာစီသစ်ဟာ အင်္ဂလန်ရဲ့ အမှတ်အသား တစ်ခု ဖြစ်တဲ့ St George ရဲ့ အနီရာင် Cross အမှတ်အသားကို အရောင်ပြောင်းကာ ကော်လံမှာ ထိုးထားတာက မလေးမစား ပြုမူရာ ကျတယ် လို့ ဝေဖန်မှုတွေ မျာားနေပါတယ်။

လူပြောများနေပေမယ့် အင်္ဂလန် အက်ဖ်အေဘက်ကလည်း ဒီဂျာစီကို ရုတ်သိမ်းဖို့ အစီအစဉ် မရှိဘဲ ဆက်လက် သုံးသွားမှာပါ။

အမေရိကန် အားကစား အဝတ်အထည် ကုမ္ပဏီကြီး Nike ကတော့ ရိုးရာကာလာတွေကနေ ဖောက်ထွက်ပြီး အပြောင်းအလဲ လုပ်ခဲ့တာပါလို့ ရှင်းလင်းထားပါတယ်။

အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကတော့ သောကြာနေ့ညက ပွဲကြို ရှင်းလင်းပွဲမှာ သူ့အတွက် အရေးကြီးဆုံးက အင်္ဂလန်ရဲ့ ခြင်္သေ့ ၃ ကောင် အမှတ်အသားပဲ ဖြစ်တယ်လို့ ကာကွယ်ပြောဆို ဖြေရှင်းလာပါတယ်။

ဆောက်ဂိတ်က ” ဒါတွေက ကျွန်တော့်ရဲ့ အရေးကြီး စာရင်းထဲမှာ မပါပါဘူး။ ဒါပေမယ့် ဘယ်လောက် အတိုင်းအတာထိ တာသွားလဲတော့ ကြည့်ရမှာပေါ့။

အခု ငြင်းနေကြတာက အင်္ဂလန်ရှပ်ပေါ်မှာ St George ရဲ့ အနီရောင် cross ပါ၊ မပါပဲလား .. ကျွန်တော် သေချာတော့ မသိဘူး။ ဒါပေမယ့် ဒါက အမြဲ ပါနေတာတော့ မဟုတ်ပါဘူး။

အရေးကြီးဆုံးက အင်္ဂလန် ဂျာစီ အပေါ်မှာ ခြင်္သေ့ ၃ ကောင် ပါနေဖို့ပဲ မဟုတ်လား။ အဲဒါကပဲ ကျွန်တော်တို့ရဲ့ ထင်ရှားတဲ့ သင်္ကေတပဲလေ။ ဒါက အင်္ဂလန် ဘောလုံးအသင်းတင် မဟုတ်ဘူး၊ ခရစ်ကတ်တို့ rugby အသင်းတို့မှာလည်း ထည့်ထားတာပဲ။ လွန်ခဲ့တဲ့ နှစ် ၃ဝ က အင်္ဂလန် ဂျာစီကို ပြန်ကြည့်ရင်လည်း ထင်းနေတာက ခြင်္သေ့ ၃ ကောင်ပဲ။

St George ရဲ့ အမှတ်အသားအတွက် အဲဒီလောက် ကျွန်တော်တို့ ငြင်းခုံသင့်နေရဲ့လား။ အဖြူရောင် အခံမှာ အနီရောင် + sign မဟုတ်တာနဲ့ပဲ St George အလံ မဟုတ်တော့ဘူးလား။ ဒါက ရှင်းရ ခက်လွန်းပါတယ်။ ဒီဇိုင်း အမြင်နဲ့ သူတို့ ဆန်းသစ်လိုက်တာ ဖြစ်မှာပါ။ ကျွန်တော်ကတော့ ဒီလိုင်း မဟုတ်တော့ သိပ် မပြောပြတတ်ဘူး။ ” လို့ ဆောက်ဂိတ်က ပြောဆို ဖြေရှင်းခဲ့ပါတယ်။