နွေမှာ အိုဆီမန် ထွက်ခွာမှာဖြစ်ကြောင်းနဲ့ ဘယ်ကို ပြောင်းမလဲ နာပိုလီ ဥက္ကဋ္ဌ ထုတ်ဖော်

ဒီနွေမှာတော့ ဗစ်တာ အိုဆီမန်ဟာ နာပိုလီကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း ကလပ် ဥက္ကဋ္ဌဖြစ်သူ ဒီလော်ရန်တစ်က အတည်ပြုလိုက်ပါတယ်။

အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ မနှစ်ကရာသီ စီးရီးအေသွင်းဂိုး ၂၆ ဂိုး သွင်းယူပြီး ၁၉၉၀ ခုနှစ်နောက်ပိုင်း နာပိုလီတို့ အမှတ်ပေးဖလား ပထမဆုံးအကြိမ် ပြန်လည် အောင်မြင်ရေး ဦးဆောင်ပေးခဲ့တာပါ။

ပြီးခဲ့တဲ့လကပဲ နာပိုလီနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့ပေမယ့် အဆိုပါ စာချုပ်ဟာ ကစားသမားကို ကာလရှည် ဆွဲထားဖို့ထက် သူ့ရဲ့ တန်ကြေးကို ကာကွယ်ဖို့ ပြင်ဆင် ချုပ်ဆိုခြင်းဘဲ ဖြစ်ပါတယ်။

တိုက်စစ်မှူး အသင်းပြောင်းလိုကြောင်းကို အတည်ပြုခဲ့ခြင်းနဲ့အတူ သူရောက်သွားနိုင်တဲ့ နေရာတွေအား နာပိုလီ ဥက္ကဋ္ဌက ထုတ်ဖော်ခဲ့တယ်။

” နွေကတည်းက သူ အသင်းပြောင်းလိုတာကို ကျနော်တို့ သိပါတယ်။ မဟုတ်ခဲ့ရင် စာချုပ်သစ်ကိစ္စက အဲ့လောက် ကြာနေမှာ မဟုတ်ပါဘူး။ သူက ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီ ဒါမှမဟုတ် ထိပ်တန်း အင်္ဂလန်ကလပ် တစ်သင်းထံ ရောက်ရှိသွားမှာပါ။ ” လို့ ဒီလောရန်တစ်က ပြောပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ အာဆင်နယ်၊ ချယ်ဆီး၊ မန်ယူနိုက်တက်တို့ဟာ အိုဆင်မန်ကို စိတ်ဝင်စားနေကြတာပါ။ တိုက်စစ်မှူးမှာ စာချုပ်ပါကြေး ပေါင် ၁၁၁ သန်း ပါဝင်နေတယ်လို့လည်း သတင်းထွက်လာနေပြီ ဖြစ်ပါတယ်။