ကလော့ပ်နဲ့ အာတီတာ နှိုင်းယှဉ်ဖို့က စောသေးတယ် ဆိုတဲ့ သရဲနီဟောင်းကြီး၊ အာတီတာ အပေါ် ရှိနေတဲ့ ဖိအားတွေအား သုံးသပ်

ပရီးမီးယားလိဂ် အသင်းကြီး နည်းပြတွေဖြစ်ကြပေမယ့် ယာဂင် ကလော့ပ်နဲ့ အာတီတာကြား နှိုင်းယှဉ် ပြောဆိုမှုတွေဟာ အချိန် မတန်သေးဘူးလို့ သရဲနီကစားသမားဟောင်းကြီး ရော်ဘီ ဆားဗေ့ချ်က သုံးသပ်လာပါတယ်။

အာဆင်နယ်အသင်းဟာ မနှစ်ကရာသီ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ တိုက်စစ်ပိုင်း အင်အားနည်းမှုတွေ သိသာလာခဲ့တာပါ။ ဒါကြောင့်ပဲ ပရီးမီးယားလိဂ် စိန်ခေါ်နိုင်မယ် ရေပန်းစားမှုမှာ လီဗာပူး နောက်ကို ရောက်ရှိလာခဲ့ပါတယ်။

ရော်ဘီ ဆားဗေ့ချ်က ” ဒီရာသီ အာဆင်နယ်အသင်း အခွင့်အရေး ဖန်တီးနိုင်နေတာ ဘယ်လောက်တောင် များလိုက်လဲ။ သူတို့က ပြိုင်ဘက် ခံစစ်တွေကို ဖောက်ထွက်နိုင်တာလည်း နည်းတာ မဟုတ်ဘူး။

သူတို့မှာ တစ်ရာသီကို သွင်းဂိုး ၂၀ လောက် သွင်းနိုင်မယ့် တိုက်စစ်မှူးတစ်ဦး ရှိနေမယ်ဆိုရင် ပရီးမီးယားလိဂ်ဖလား အနိုင်ရဖို့ အခွင့်အရေးက အခုထက် ပို တိုးလာလောက်ပါပြီ။

မေးခွန်းက ပရီးမီးယားလိဂ် စိန်ခေါ်ဖို့ရာ ဇန်နဝါရီမှာ သူတို့ နံပါတ် ၉ သမား တစ်ဦး ခေါ်ယူနိုင်မှာလား? ကျနော်တော့ နောက်တောင်ကျသွားပြီ ထင်တာပါပဲ။

ကလော့ပ် ကမ္ဘာ့အဆင့် နည်းပြဖြစ်လာရခြင်းက သူအောင်မြင်ခဲ့တဲ့ ဆုဖလားတွေနဲ့ အဲ့ဒါတွေရဖို့ အချိန်ယူ ကြိုးစားလာခဲ့တာကြောင့်ပါပဲ။ သူ့မှာရှိတဲ့ များပြားတဲ့ အတွေ့အကြုံတွေကြောင့် ကလော့ပ်က ကမ္ဘာ့အဆင့် မန်နေဂျာ အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ဒီအဆင့်ကို ရောက်လာဖို့ ကလော့ပ်က ကိစ္စတွေ အများကြီးကို သင်ယူခဲ့ပါတယ်။ အာတီတာရဲ့ အာဆင်နယ်က ကလော့ပ်ရဲ့ အသင်းတွေနဲ့ နှိုင်းယှဉ်ဖို့ရာ အချိန် တိုတောင်းပါသေးတယ်။ အာတီတာက အက်ဖ်အေဖလား ၁ လုံး အနိုင်ရပြီး အာဆင်နယ်ကို ထိပ်ဆုံး ၄ သင်းထဲ ပြန်ပို့နိုင်တာပဲ ရှိသေးတာပါ။

မနှစ်ကရာသီမှာ အာဆင်နယ်က သူတို့ ရောက်သင့်တာထက် ပိုအောင်မြင်တာမျိုး ဖြစ်ခဲ့ပါတယ်။ ပရိသတ်တွေရဲ့ မျှော်လင့်ချက်က အရမ်းကို မြင့်မားနေတာကြောင့် အဲ့ဒါကပဲ သူ့အတွက် ဖိအားတွေ ဖြစ်လာနေရပါတယ် ” လို့ နှိုင်းယှဉ်ခဲ့တာ ဖြစ်ပါတယ်။