ခရစ္စမတ်ကာလ ချန်ပီယံ အာဆင်နယ် အသင်းဟာ ရာသီကုန်ရင် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်မလား

အာဆင်နယ် အသင်းဟာ နှစ်ရာသီဆက် အဖြစ် ခရစ္စမတ်ကာလ အမှတ်ပေးဇယား ထိပ် ပထမ နေရာမှာ ဦးဆောင် ရပ်တည်နေခဲ့ပြီ ဖြစ်ပါတယ်။

ဒီနှစ်သစ်ကူးကာလဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ ရာသီဝက် အရေးပါတဲ့ အချိုးအကွေ့ ကာလ တစ်ခုလည်း ဖြစ်ပါတယ်။ ရာသီဝက် ကာလ ခက်ခဲတဲ့ ပွဲကြပ်တွေနဲ့ ပရီးမီးယားလိဂ် အသင်းတွေရဲ့ တောင့်တင်းမှုကို စိန်ခေါ်မှုကြီး အဖြစ် စမ်းသပ်ကာလလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဒီလို အရေးပါတဲ့ ခရစ္စမတ်ကာလ အမှတ်ပေးဇယားထိပ် ဦးဆောင်နိုင်သူတွေဟာ ရာသီကုန် သရဖူ ဆောင်းနိုင်သူတွေလား ?

ပရီးမီးယားလိဂ်ရဲ့ တရားဝင် အချက်အလက်တွေ အရတော့ ခရစ္စမတ်ကာလ ချန်ပီယံ အသင်းတွေထဲက ၅၁.၆ % သော အသင်းတွေသာ ရာသီကုန်ရင် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာတယ် လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရာသီ ၅ ခုမှာ ၃ ရာသီရဲ့ ခရစ္စမတ် ချန်ပီယံတွေဟာ ရာသီကုန် ပရီးမီးယားလိဂ် ဖလား မရဘဲ လွဲချော်ခဲ့ပါတယ်။ နောက်ဆုံး ကြုံတွေ့ထားတာတော့ ပြီးခဲ့တဲ့ရာသီက အာဆင်နယ် အသင်းပါပဲ။

အာဆင်နယ်ဟာ ခရစ္စမတ်ကာလ ချန်ပီယံ ဖြစ်ပြီးမှ ပရီးမီးယားလိဂ် နဲ့ လွဲချော်တာ ၅ ကြိမ်ထိ ကြုံဖူးပြီးပါပြီ။ 1986/87 နဲ့ 1989/90 တုန်းက ရာသီကုန် အဆင့် ၄ ရခဲ့ပြီး 2007/08 မှာ အဆင့် ၃၊ 2002/03 နဲ့ ပြီးခဲ့တဲ့ ရာသီ 2022/23 မှာက အဆင့် ၂ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီလိုတွေ ကြုံဖူးပေမယ့် အာဆင်နယ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ မဖြစ်နိုင်ဘူးလို့ ဘယ်သူမှ ရဲရဲ မပြောဝံ့ကြတော့ပါဘူး။ မီခေးလ် အာတီတာရဲ့ အာဆင်နယ် အသင်းဟာ ရင့်ကျက်လာနေပြီး တည်ငြိမ်တဲ့ ခြေစွမ်းတွေနဲ့ အတူ ပြိုင်ဘက်တွေ ရှိန်လောက်စရာ အနေအထား တစ်ခုမှာ ရှိနေပြီ ဖြစ်ပါတယ်။