ဒီအပတ် လီဗာပူး – အာဆင်နယ်ပွဲ ရလဒ်က ဘယ်လိုထွက်မလဲ အပြိုင် ခန့်မှန်းသွားကြတဲ့ နဗီး၊ ကာရေဂါ၊ ရွိုင်ကိန်းနဲ့ အီယန်ရိုက်

ပရီးမီးယားလိဂ် ကစားသမားဟောင်းကြီးတွေဖြစ်တဲ့ ဂျင်မီ ကာရေဂါ၊ ဂယ်ရီနဗီး၊ ရွိုင်ကိန်း၊ အီရန်ရိုက်တို့ဟာ The Overlap ချန်နယ်ကနေ လီဗာပူးနဲ့ အာဆင်နယ်တို့ရဲ့ ဒီအပတ် အန်းဖီးမှာ ကန်မယ့် ပရီးမီးယားလိဂ် ပွဲစဉ် အတွက် ရလဒ်တွေ ခန့်မှန်းခဲ့ကြပါတယ်။

လီဗာပူး ကစားသမားဟောင်း ကာရေဂါက “ အန်ဖီးကွင်းမှာ လီဗာပူးတို့ ရှုံးသွားမယ်လို့ မထင်ပါဘူး။ ဒီပွဲက ၁-၁ ရလဒ် ထွက်မှာပါ ” လို့ ပွဲကြို ခန့်မှန်းခဲ့ပါတယ်။

နဗီးက သဘောမတူဘဲ “ လီဗာပူးနိုင်မယ် ကျနော်တော့ မထင်ဘူး။ အာဆင်နယ်ပဲ နိုင်မှာပါ။ ၂-၀ ဖြစ်မယ် ထင်ပါတယ် ” လို့ ခန့်မှန်းခဲ့ပါတယ်။

ဂယ်ရီနဗီးရဲ့ ခန့်မှန်းကို ကြား အပြီးမှာ သူ့ရဲ့ ယူနိုက်တက် အသင်းဖော်ဟောင်း ရွိုင်ကိန်းက အံ့ဩသင့်စွာနဲ့ ” အိမ်ကွင်းမှာ လီဗာပူးက ပရီးမီးယားလိဂ် ၂ ပွဲဆက် ဂိုးမရနိုင်ဘူးလို့ မင်းတကယ်ပဲ ထင်နေတာလား?” လို့ ပြောသွားခဲ့ပါတယ်။

နောက်ထပ် သုံးသပ်သူ တစ်ဦးဖြစ်တဲ့ ဂန်းနားဟောင်းကြီး အီရန်ရိုက်ကတော့ အာဆင်နယ် ၁-၂ ဖြင့် အနိုင်ရမယ်လို့ ခန့်မှန်းသွားပါတယ်။