မနက်ဖြန်ည အန်းဖီးမှာ ကန်မယ့် လီဗာပူး – အာဆင်နယ်ပွဲ ဘယ်လို ရလဒ်ထွက်မလဲ ပေါမာဆန်ကြီး ဟောကိန်းထုတ်

အာဆင်နယ် အသင်းကတော့ ဒီတပတ် ပရီးမီးယားလိဂ်မှာ လီဗာပူးနဲ့ တွေ့နေပြီး အန်းဖီးကွင်းမှာ ထိပ်တိုက် ရင်ဆိုင် ရမှာပါ။ ဒီနှစ်သင်းဟာ မနက်ဖြန် စနေနေ့ည ၁၂ နာရီ တိတိ အချိန် မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

ဂန်းနားဟောင်းကြီး ပေါမာဆန်က အကြိတ်အနယ် ရှိကြမယ့် လီဗာပူးနဲ့ အာဆင်နယ် တို့ ပွဲစဉ် အတွက် အခုလို ကြိုတင် သုံးသပ် လာပါတယ်။

” လီဗာပူးက ပွဲပြီးခါနီးတွေမှ ထ ထ ကောင်းတယ်လို့ ကျွန်တော် ထင်တယ်။ ယူနိုက်တက်၊ ဝက်စ်ဟမ်း ပွဲတွေမှာလည်း သူတို့ရဲ့ ခြေစွမ်းက အဲ့လိုပါပဲ။ အာဆင်နယ်က ပွဲအစ နာရီဝက်လောက်ကို အကောင်းဆုံး ထိန်းထားနိုင်ဖို့ လိုပါတယ်။

အကယ်လို့ လီဗာပူးက ပွဲအစ မိနစ် ၂၀ လောက်မှာ ဂိုးသွင်းနိုင်ရင် သူတို့ နိုင်သွားမှာပါ။ အာဆင်နယ်က အနိုင် ၃ မှတ် ရချင်တယ် ဆိုရင် ပွဲအစ မိနစ်တွေမှာ ဂိုးမပေးရဖို့ လိုအပ်ပါတယ်။

ကလော့ပ်က လူရွေးချယ်ဖို့ အတော်လေး စဉ်းစားရမယ်။ သူက ဒါဝင်ကို ဆက် ကစားစေဦးမှာပါ၊ ဒီပွဲမှာ အရပ်အမောင်း ကောင်းမယ့်သူတွေ လိုအပ်ပါတယ်။ တည်ကန်ဘောတွေနဲ့ ဆာလီဘာ၊ ဂါဘီရယ်တို့ကို ရင်ဆိုင်ရာမှာ ဒါဝင်လို ရုပ်ပိုင်းဆိုင်ရာ သန်မာသူမျိုးကို လိုအပ်ပါတယ်။

ဂျေးဆု၊ မာတင်နယ်လီ၊ ဆာကာတို့က အာဆင်နယ်အတွက် တိုက်စစ်ပိုင်းမှာ အများကြီး လုပ်ပြနိုင်ဖို့ ကြိုးစားကြမှာပါ။ အိုဒီဂတ်ကလည်း ပုံစံကောင်း ရနေတာမို့ သူနဲ့ ဆိုဘိုစလိုင်းကြား ပြိုင်ပွဲကို မြင်ရမှာ ဖြစ်ပါတယ်။

ယူနိုက်တက်လို ပိတ် ခံစစ် ကစားမှာ မဟုတ်ဘဲ အာဆင်နယ်က လီဗာပူးကို ယှဉ်ပြီး ဖွင့် ကစားမှာပါ။ ဒီပွဲက တိုက်စစ်ကို လျှင်လျှင်မြန်မြန် ဖွင့်ကစားကြမှာဖြစ်သလို ခြိမ်းခြောက်မှုတွေ လုပ်ပြကြမှာ ဖြစ်ပါတယ်။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန် ရဲ့ ပွဲ ခန့်မှန်းရလဒ် ကတော့ လီဗာပူး ၂-၂ အာဆင်နယ် ဖြစ်ပါတယ်။