နယူးကာဆယ်ရဲ့ ချန်ပီယံလိဂ် ရှုံးထွက်တက်ခွင့်ကို ပိတ်ပင်သွားတဲ့ မတရားသော ပင်နယ်တီ ကိစ္စ အတ်ဒီဟောင် ပြောပြီ

ချန်ပီယံလိဂ် မရဏ အုပ်စုရဲ့ ပွဲကောင်း အဖြစ် မနေ့ညက နယူးကာဆယ်က ပီအက်စ်ဂျီ အသင်းကို အဝေးကွင်း ပဲရစ်မှာ သွားရောက် ရင်ဆိုင်ခဲ့ရာ ၁-၁ နဲ့ သရေကျသွားခဲ့ပါတယ်။

နယူးကာဆယ်ဟာ အိုင်ဆက် ရဲ့ ပွဲချိန် ၂၄ မိနစ်က သွင်းဂိုးနဲ့ တောက်လျောက် ဦးဆောင်ပြီး အနိုင်ရပြီ ထင်ခဲ့ရပြီးမှ ပွဲပြီးခါနီး နာကျင် အချိန်ပို ၉၈ မိနစ်မှာ ပင်နယ်တီ ပေးခဲ့ရကာ အမ်ဘာပေက ကန်သွင်းသွားခဲ့လို ချေပဂိုးပေးကာ သရေ တစ်မှတ် ခွဲယူခဲ့ရတာပါ။

နယူးကာဆယ် နောက်ခံလူ Livramento က ဘောလုံးကို ဧရိယာထဲမှာ ထိန်းရင်း လက်ထိသွားခဲ့တယ် ဆိုပြီး VAR က စစ်ဆေးကာ ပင်နယ်တီပေးခဲ့တာ ဖြစ်ပါတယ်။ နယူးကာဆယ် နည်းပြ အက်ဒီဟောင်းကတော့ ပွဲ အပြီးမှာ အတော် စိတ်ပျက်လက်ပျက် ဖြစ်နေပုံ ရပြီး အခုလို ဖြေကြားသွားခဲ့ပါတယ်။

” (ပင်နယ်တီ) နာကျင်ပေမယ့် အတော် ခက်ခက်ခဲခဲ လက်ခံပေးခဲ့ရတယ်။ ကျွန်တော်ကတော့ စိတ်ရော ကိုယ်ရော အတော် ခြေကုန်လက်ပန်းကျသွားပြီ။ တချိန်တည်းမှာပဲ ကျွန်တော့် ကစားသမားတွေရဲ့ အားထုတ် ကြိုးစားသွားမှုကို ကျေနပ်အားရမိတယ်။

ဒီနေ့ ကံကောင်းတဲ့ အခိုက်အတန့်တွေ ရှိခဲ့ပေမယ့် အဆုံးမှာ ကံကောင်းတာတွေ ကုန်သွားတယ်ပေါ့။ ဒါက ပင်နယ်တီ လို့ ကျွန်တော် မထင်ပါဘူး။

ဘောလုံးက ဘယ်လိုသွားသလဲ ဆိုတာ ရှုထောင့်ပေါင်းစုံကနေ ကြည့်ရမှာ။ ဘောလုံးက သူ့ရင်ဘတ်ကို အရင် သွားထိတာလေ။ တကယ်လို့ လက်ကို အရင် တန်းသွားထိတယ် ဆိုရင်တောင် ပင်နယ်တီ မဟုတ်သေးဘူး။ ဘောလုံးက သိပ်နီးနေတဲ့ အခြေအနေကိုး။

ကျွန်တော်လည်း ဒါတွေကို ပြောခွင့် မရှိတော့ပါဘူး။ စိတ်ထဲ ရှိတာတွေလည်း ထုတ်ပြောလို့ မရဘူး၊ ဒုက္ခရောက်သွားမယ်။ အဲဒီ အခိုက်အတန့် မရောက်ခင်ထိတော့ ဒိုင်လူကြီးက ကောင်းခဲ့ပါတယ်။ ” လို့ အက်ဒီဟောင်းက ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။