ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် သူမြင်ထားတဲ့ အသင်းကို ဖော်ထုတ်လာတဲ့ ရွိုင်ကိန်း

ဒီရာသီ ပရီးမီးယားလိဂ်ဟာ ယခင်နှစ်တွေကထက် အဆင့်အတန်း ကျဆင်းသယောင် မြင်နေရပေမယ့်လို့ ချန်ပီယံဖြစ်မယ့် အသင်းကတော့ ထင်ထင်ရှားရှား ရှိနေဆဲလို့ ရွိုင်ကိန်းက မြင်ပါတယ်။

ပရီးမီးယားလိဂ် ၁၂ ပွဲ ကစားထားပြီးချိန်မှာ မန်စီးတီးဟာ လီဗာပူးနဲ့ အာဆင်နယ်တို့ကို ရမှတ် ၁ မှတ်ပဲ ဖြတ်ထားနိုင်သေးတာ ဖြစ်ပါတယ်။ စီးတီးဟာ ပုံမှန်ထက် အားပျော့လာနေခဲ့ပြီး ဒီဘရိုင်း မကစားနိုင်ခြင်းကလည်း အတော်လေး အထိနာစေခဲ့ပါတယ်။

ပရီးမီးယားလိဂ်နဲ့ ပတ်သက်လို့ သရဲနီဟောင်း ရွိုင်ကိန်းက “ ပြီးခဲ့တဲ့ ၁ လ၊ ၂ လအတွင်းမှာ ပရီးမီးယားလိဂ်ရဲ့ အဆင့်အတန်းက သိပ်မကောင်းဘူးလို့ ထင်မိပါတယ်။ ကျနော်တို့ တွေ့ခဲ့ မြင်ခဲ့ရတဲ့ ဂိုးအချို့ဟာ အတော်လေး ညံ့ဖျင်းခဲ့ပါတယ်၊ အရည်အချင်း မရှိဘူးပေါ့ဗျာ။

မန်စီးတီးက ကောင်းပါတယ်။ သူတို့ကို သံသယ မရှိပါနဲ့။ ဒါပေမယ့် အခြားအသင်းတွေကလည်း တိုးတက်လာဖို့ လိုနေတယ်လို့ ကျနော် ထင်ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် မန်စီးတီးကလွဲလို့ အခြားအသင်း မမြင်ပါဘူး။

ဒီရာသီမှာ မန်စီးတီးထံက ချို့ယွင်းချက်တွေ မြင်နေရတာတောင်မှ သူတို့ဟာ လိဂ်ကို စိန်ခေါ်ဖို့ လုံလောက်အောင် တောင့်တင်းနေသေးတယ်လို့ မြင်ပါတယ် ” ဆိုပြီး သုံးသပ်ခဲ့တာပါ။

ဒီရာသီမှာ လီဗာပူးနဲ့ အာဆင်နယ်တို့က မန်စီးတီးရဲ့ အဓိက စိန်ခေါ်ဘက်တွေ ဖြစ်လာမယ် ဆိုပေမယ့် ကလပ်တွေကြား အခြေအနေကို နှိုင်းယှဉ်မယ်ဆိုရင် လက်ရှိ ချန်ပီယံတွေက အင်အားကြီးမားနေဆဲပဲ ဖြစ်ပါတယ်။