လီဗာပူးနဲ့ပွဲကို လွဲချော်သွားဖွယ် ရှိနေတဲ့ မန်စီးတီး အဓိက ကစားသမား (၃) ဦး

နိုင်ငံတကာ သီတင်းပတ်အပြီးမှာ ပရီးမီးယားလိဂ်ဇယား ထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ ဒုတိယနေရာ လီဗာပူးအသင်းတို့ဟာ အီသီဟက် ကွင်းမှာ ယှဉ်ပြိုင်ကစားကြဖို့ ရှိနေပါတယ်။

အမှတ်ပေးပွဲ ၁၂ ပွဲ ကစားပြီးချိန်မှာ ဂွာဒီယိုလာရဲ့ အသင်းဟာ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးကို ၁ မှတ်အသာဖြင့်ပဲ ဦးဆောင်ထားနိုင်တာ ဖြစ်ပါတယ်။

ဒီလအတွင်း ထိပ်တိုက်တွေ့မယ့် ပွဲကြီးပွဲကောင်းမှာ ချယ်ဆီး ၄-၄ သရေကျတဲ့ ပွဲစဉ်အတွင်း ပါဝင်ကစားခဲ့ပြီးမှ ဒဏ်ရာကြောင့် ဘရာဇီး လူစာရင်းကနေ နှုတ်ထွက်ခဲ့တဲ့ အီဒါဆန် ပါဝင်နိုင်မယ် မသေချာသေးပါဘူး။ လွဲချော်နိုင်မယ့် ကစားသမားစာရင်းမှာ သူတစ်ဦးတည်း ရှိနေတာ မဟုတ်ပါဘူး။

တံကောက်ကြော ဒဏ်ရာကြောင့် ဒီရာသီ ဆက်တိုက် အနားယူနေရတဲ့ ကွင်းလယ်လူ ဒီဘရိုင်းလည်း ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ယန်းဘွိုင်းကို အနိုင်ရတဲ့ပွဲမှာ ကြွက်သား ဒဏ်ရာ ရရှိခဲ့တဲ့ ဂျွန်စတုန်းကလည်း လီဗာပူးနဲ့ပွဲကို လွဲချော်သွားနိုင်တယ်လို့ သိရပါတယ်။

ဂျွန်စတုန်းရဲ့ ဒဏ်ရာက ဘယ်လောက်နားရမယ်ဆိုတာ သေချာမသိသေးဘဲ နည်းပြဂွာဒီယိုလာကတော့ ကာလရှည် အနားယူရတာမျိုး မဖြစ်လာဖို့ မျှော်လင့်နေပါတယ်။

“ ဆရာဝန်ကတော့ အစောပိုင်း ထင်ထားသလောက် အခြေအနေ မဆိုးဘူးလို့ ပြောပါတယ်။ ဒါပေမယ့် မသိသေးပါဘူး။ သူ ပြန်ပြီး ကြံ့ခိုင်လာချိန်မှာ လူစာရင်းထဲ သူပြန်လာမှာပါ ” လို့ ဂွာဒီယိုလာက ပြောဆိုသွားတာ ဖြစ်ပါတယ်။