အာဆင်နယ် ဘယ်လောက်တောင် ကောင်းခဲ့တာလဲဆိုတာ ကွက်ကွက်ကွင်းကွင်း နှိုင်းယှဉ်ပြခြင်း

အာဆင်နယ် အသင်းကတော့ အမ်းမရိတ်မှာ တန်းတက် ရှက်ဖီးကို ဧည့်ခံ ကစားရာ ၅-ဝ နဲ့ ဂိုးပြတ် အနိုင်ယူပြီး သူတို့ရဲ့ ထက်မြက်မှုကို ထပ်မံ ပြသသွားပြန်ပါတယ်။

အင်္ဂလန်နဲ့ လီဗာပူး နောက်ခံလူဟောင်းကြီး စတီဖန် ဝါးနော့ခ် ကတော့ လူစာရင်း များစွာ အပြောင်းအလဲ လုပ် ထားတာတောင် တည်ငြိမ်နေတဲ့ အာဆင်နယ် အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ဂိုးပြတ် နိုင်ပွဲ အပေါ် အတော်ကြီး အထင်ကြီးနေပြီး သဘောကျ ချီးကျူးသွားပါတယ်။

” အာဆင်နယ်ကတော့ ပုံမှန်အတိုင်း သူ့ အလုပ် သူ အေးဆေး လုပ်သွားပါတယ်။ အိမ်နီးချင်း တော့တင်ဟမ် အသင်းရဲ့ မနေ့ညက နိုင်ပွဲ အပေါ် သူတို့ ပြန် တုန့်ပြန်ပြသွားတာပါ။ ကိုယ့် အလုပ်ကိုယ် သေချာ လုပ်ပြီး အမှတ်ပြည့် ရအောင် ယူသွားတယ်။

ဒီည အာဆင်နယ် အသင်းမှာ လူစာရင်းက အများကြီး အပြောင်းအလဲ လုပ်ထားတယ်။ ဒါပေမယ့် စွမ်းဆောင်ရည် အရ ကြည့်မယ် ဆိုရင် သူတို့ လူစာရင်း အပြောင်းအလဲ လုပ်တယ် ဆိုတာတောင် သတိပြုမိမယ် မထင်ဘူး။ တကယ် ကျွတ်ဆင်ကြီး။

ပွဲက သူတို့အတွက် သိပ်ကို လွယ်ကူလွန်းခဲ့တယ်။ ဒီနေ့ အေးအေးဆေးဆေး ပျော်ပျော်ပဲ ကစားသွားကြသလိုပဲ။

ရှက်ဖီးယူနိုက်တက် အတွက်တော့ စိုးရိမ်စရာပါ။ သူတို့ ပရီးမီးယားလိဂ်မှာ တင်ကျန်မယ်လို့ မထင်ပါဘူး။ ဂိုးပေါက်ကို တည့်တဲ့ ကန်ချက် တစ်ကြိမ်မှ မရှိတာကိုက စကားပြောနေပြီ။

အာဆင်နယ် ဂိုးသမား ဒေးဗစ် ရာယာက ဒီနေ့ပွဲမှာ ကွင်းပြင်က လူ တစ်ယောက်လို ကို အေးဆေးပဲ။ ” လို့ ဝါးနော့ခ်က သုံးသပ် ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။