အန်ကတ်တီးယားရဲ့ ပထမဆုံး ဟက်ထရစ်နဲ့အတူ အိမ်ကွင်းမှာ ၅ ဂိုးပြတ်သွင်းပြီး ဖလားယူမယ့် ဇ ထုတ်ပြသွားတဲ့ အာဆင်နယ်

အဓိက ကစားသမားတွေကို အနားပေးခဲ့ပေမယ့် အာဆင်နယ်ဟာ အိမ်ကွင်းမှာ တန်ဆင်းဇုန်က ရှက်ဖီးကို ၅-၀ ဖြင့် ဂိုးပြတ် အနိုင်ယူပြီး ချန်ပီယံခြေစွမ်း ပြသခဲ့ပါတယ်။

မျှော်လင့်ထားသလိုပဲ ပရီးမီးယားလိဂ် စိန်ခေါ်သူအဖြစ် ရေပန်းစားနေတဲ့ အာဆင်နယ်ဟာ ပွဲအစ မိနစ်တည်းက လွှမ်းမိုးကစားခဲ့တာပါ၊ ဘောလုံးပိုင်ဆိုင်မှု ၈၀% လောက်ထိ ရခဲ့သလို ပွဲအစ ၁၀ မိနစ်အတွင်း အာဆင်နယ်ကွင်းလယ်ခြမ်းမှာ ရှက်ဖီးတို့ ဘောလုံးထိချက် ၈ ကြိမ်ပဲ ရှိတယ်ဆိုတာက ဒီပွဲ ဘယ်လောက်တောင် တဖတ်သတ်ဆန်တယ်ဆိုတာ မှန်းဆနိုင်ပါတယ်။

အဖွင့်ဂိုး ရရှိဖို့ကတော့ မျှော်လင့်ထားတာထက် ပိုကြာခဲ့ပါတယ်။ ပွဲချိန် မိနစ် ၃၀ မှာ ဂျေးဆု ဒဏ်ရာရနေလို့ ပွဲထွက်ခွင့်ရလာတဲ့ အန်ကတ်တီးရားက ဧရိယာထိပ်က ရိုက်ရဲ့ ဖြတ်တင်ပေးမှုကနေ အနီးကပ် ပိတ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲဟာ အာဆင်နယ်အတွက် ပုံမှန် လေ့ကျင့်ရေးတစ်ခုလို၊ လုပ်ရိုးလုပ်စဉ် တစ်ခုလိုဖြစ်ပြီး ထူးထူးခြားခြား တင်ကစားခဲ့ရတာမျိုး မရှိပါဘူး။ ရှက်ဖီး ကိုယ်တိုင်က အာဆင်နယ်ရဲ့ ပြိုင်ဘက်ကောင်း အဆင့်မှာ ရှိမနေခဲ့တာပါ။

နောက်ထပ် ဦးဆောင်ဂိုးတွေဟာဆိုရင် ဒုတိယပိုင်း စတင်ပြီး သိပ်မကြာခင် ရှက်ဖီး ဂိုးသမားရဲ့ ပေါ့ဆမှုကနေ အနားကို ကျလာတဲ့ ဘောလုံးကို အန်ကတ်တီးရားက ထောင့်ထံ အပြင်းကန်သွင်းခဲ့တယ်။ ဟက်ထရစ်ဂိုးအဖြစ်တော့ နောက်ထပ် ၈ မိနစ်အကြာ ဧရိယာထိပ်ကနေပဲ အခြားသော ဂိုးထောင့်ဘက်ကို အပြင်း ကန်သွင်းပါတယ်။

နောက်ပိုင်းမှာ ပင်နယ်တီကတစ်ဆင့် ဗီအဲရာက ၄ ဂိုးမြောက် သွင်းဂိုး ရခဲ့သလို ထောင့်ကန်ဘောက တစ်ဆင့် တိုမီယာဆုကလည်း ၅ ဂိုးမြောက် သွင်းဂိုးကို ရယူသွားခဲ့ပါတယ်။

ပြောခဲ့သလိုပဲ အာဆင်နယ်ဟာ သူတို့ရဲ့ တည်ငြိမ်လှတဲ့ ခြေစွမ်းကို ဒီပွဲမှာ ဆက်ထိန်းနိုင်ခြင်းနဲ့အတူ ပြင်းပြင်းထန်ထန် အားမထုတ်ပါဘဲ သက်သောင့်သက်သာ နိုင်ပွဲကို ရယူသွားခဲ့တာ ဖြစ်ပါတယ်။

ဒီနိုင်ပွဲအပြီး အာဆင်နယ်ဟာ ဇယားထိပ်က စပါးနောက် ၂ မှတ်အကွာ ဒုတိယနေရာကနေ ဆက်လက် ဖိအားပေးနေဆဲဖြစ်ပါတယ်။