လက်ရှိ အာဆင်နယ်အသင်းသားတွေထဲ သူ တွဲကစားဖို့ နှစ်သက်သူကို အွန်နရီ ထုတ်ပြောလာ

အာဆင်နယ် ဂန္တဝင်ကြီး သီယာရီ အွန်နရီကတော့ လက်ရှိ အာဆင်နယ် အသင်းမှာ သူတွဲကစားလိုတဲ့ ကစားသမား တစ်ဦးက ဂျေးဆုဖြစ်တယ်လို့ ထုတ်ပြောလာပါတယ်။

ဂျေးဆုဟာ လက်ရှိ အာဆင်နယ်အသင်းရဲ့ အကောင်းဆုံး အထောင်တိုက်စစ်မှူး ဖြစ်ပြီး သူ့ရဲ့ ဂိုးသွင်းနှုန်း အပေါ်မှာတော့ ဝေဖန်ခံရမှု အချို့ ရှိထားတာပါ။ အဲ့တာကလွဲရင် အသင်းအတွက် ပေးဆပ်နိုင်စွမ်းမှာ သံသယ မရှိကြပါဘူး။

အွန်နရီက “ ရိုးရိုးသားသားပဲ ပြောပါမယ်။ ကျနော်တော့ ဂျေးဆုနဲ့ တွဲကစားရမှာကို သဘောကျပါတယ်။ သူနဲ့တွဲကစားဖူးတဲ့ လူတိုင်းကလည်း ဒီလိုမျိုးတွေပဲ ဖြေပေးမယ်လို့ ကျနော် ထင်ပါတယ်။

သူက တစ်ရာသီ သွင်းဂိုး ၂၅-၃၀ ဂိုးလောက် ရနိုင်မလားတော့ ကျနော် မသိပါဘူး။ သူက တိုက်စစ်အမားအဖြစ် အားလုံးမှာ ကောင်းမွန်တဲ့ ကစားသမားဖြစ်ပါတယ်။

သွင်းဂိုးတွေနဲ့ ပတ်သက်လာရင် အကောင်းဆုံးတော့ မဟုတ်ပေမယ့် သူ့ထံက ဘာတွေကို မျှော်လင့်နိုင်မယ်ဆိုတာနဲ့ အသင်းအတွက် ပွဲအစ ပွဲအဆုံး ပေးဆပ် ကစားမယ့်သူ ဆိုတာကို ကျနော်တို့ သိပါတယ် ” လို့ ဖြေဆိုခဲ့တယ်။

ဂျေးဆုဟာ ဒီအပတ် ဆီးဗီးလာပွဲမှာ ဒဏ်ရာရရှိခဲ့ပြီး ပရီးမီးယားလိဂ်ပွဲမှာ ပါဝင်နိုင်မလား စောင့်ကြည့်ရပါလိမ့်မယ်။