အာဆင်နယ်ပွဲကြို တစ်ပူပေါ် နှစ်ပူဆင့်ပြီး ခေါင်းခဲနေရတဲ့ နယူးကာဆယ်

နယူးကာဆယ်အသင်းဟာ ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် ဒေါ့မွန်ကို ၁-၀ ရလဒ်ဖြင့် အရေးနိမ့်တဲ့ ပွဲစဉ်မှာ ဒဏ်ရာ ပြဿနာ ရင်ဆိုင်ခဲ့ရပါတယ်။

တိုက်စစ်သမားတွေဖြစ်တဲ့ အိုင်ဆက်နဲ့ ဂျက်ကော့မာဖီတို့ နှစ်ဦး ဒဏ်ရာရသွားခဲ့ပြီး အိုင်ဆက်ဟာ ဒီရာသီမှာ နယူးကာဆယ်အတွက် ၈ ဂိုးထိ သွင်းယူထားသူပါ။ အိုင်ဆက်ဟာ ပေါင်ခြံ ဒဏ်ရာရခဲ့တာလို့ သိထားရသလို မာဖီကလည်း ပြင်းထန်တဲ့ ဒဏ်ရာ ရရှိခဲ့ပါတယ်။

အတ်ဒီဟောင်ကတော့ TNT Sports နဲ့ အင်တာဗျူးမှာပဲ ” ဂျက်ကော့ရဲ့ ဒဏ်ရာက ပြင်းထန်ပါတယ်။ အိုင်ဆက်ရဲ့ ပေါင်ခြံ ဒဏ်ရာကလည်း ကျနော်တို့ကို အထိနာစေပါတယ်။ ကျနော်တို့မှာ လူစာရင်းငယ်ပဲ ရှိထားတာပါ ” လို့ မှတ်ချက်ပေးခဲ့တယ်။

နောက်လ ၅ ရက်နေ့မှာ နယူးကာဆယ်ဟာ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ် ယှဉ်ပြိုင်ရမှာပါ။ သတင်းဆိုး တစ်ခုကတော့ ​နယူးကာဆယ် ကွင်းလယ်လူ တိုနယ်လီဟာ လောင်းကစားကိစ္စမှာ ပါဝင်ပတ်သက်ခဲ့ခြင်းကြောင့် ဘောလုံးကစားခြင်းကနေ ၁၀ လ ပွဲပယ်ခံလိုက်ရပြီ ဖြစ်ပါတယ်။

တိုနယ်လီဟာ ရာသီကုန်ထိ ကစားရတော့မှာ မဟုတ်ဘဲ နောက်ရာသီမှ နယူးကာဆယ်အတွက် ပြန်ကစားပေးနိုင်တော့မှာ ဖြစ်ပါတယ်။