အာဆင်နယ်ရဲ့ ချန်ပီယံလိဂ် နိုင်ပွဲက မန်ယူနိုက်တက်ထက် ချီးကျူးသင့်ကြောင်း နှိုင်းယှဉ်သွားတဲ့ အွန်နရီ

အာဆင်နယ်ဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ် အဝေးကွင်း နိုင်ပွဲ ရရှိခဲ့ကာ ဆီးဗီးလာကို ၁-၂ ရလဒ် ရယူနိုင်ခဲ့ပါတယ်။

ဒီရလဒ်ကြောင့် အာဆင်နယ်ဟာ အုပ်စုတွင်းမှာ အုပ်စုဗိုလ်နေရာကို ဆက်ထိန်းနိုင်ခဲ့တယ်။ ဂန်းနားဟောင်းကြီး အွန်နရီက အာဆင်နယ်ရဲ့ ကစားပုံ အချို့ကို အပြစ်တင်ခဲ့သလို တစ်နေ့တည်း ကစားခဲ့တဲ့ မန်ယူနိုက်တက်ထက်စာရင် ပိုခက်ခဲတဲ့ နိုင်ပွဲလို့လည်း ချီးကျုးသွားပါတယ်။

အွန်နရီက ” ယူနိုက်တက်ပွဲနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဆီးဗီးလာကို အဝေးကွင်း သွားကစားရတာက ကိုပင်ဟေဂင်ကို အိမ်ကွင်းမှာ ရင်ဆိုင်ရတာထက်တော့ ပိုခက်ခဲတာပေါ့။ ဆီးဗီးလာလို အသင်းကို အဝေးကွင်းမှာ အနိုင်ယူခဲ့တဲ့ အာဆင်နယ်ကို အသိအမှတ် ပြုရပါမယ်။

ပွဲပြီးခါနီးမှာတော့ ကျနော်တို့ အသင်းက ဆီးဗီးလာ ကစားသမားတွေကို ကိုယ့်ရဲ့ ဧရိယာဘောက်ထဲ မကြာခဏ လာဝင်ကစားခွင့်ပေးခဲ့တယ်၊ ဖြတ်တင်ဘောတွေကို လုပ်ခွင့် ပေးခဲ့မိတယ်လို့ ထင်ပါတယ်။

နောက်ဆုံး မိနစ်တွေမှာ ၆-၃-၁ အကွက်ကြီး လုပ်လိုက်တာကြောင့်ပဲ သူတို့က ဖြတ်တင်ဘောတွေ လုပ်ခွင့်ရသွားတာပါ။ သူတို့ရဲ့ ဖြတ်တင်ဘောကို တားဖို့ ဘယ်သူမှလည်း အားမထုတ်ကြဘူးလေ။

ယာယာလည်း ကံကောင်းခဲ့တယ်။ သူ ဘောလုံး ရှင်းထုတ်လိုက်တာ ဂိုးဘား ကျော်သွားတာကို အားလုံး မြင်ကြပါတယ်။ ချန်ပီယံလိဂ် အဝေးကွင်းပွဲမှာ ရလဒ် ကောင်းခဲ့တာ သိပ်ကောင်းပါတယ်။ အထူးသဖြင့် ဆီးဗီးလာလို့ အသင်းကို ရင်ဆိုင်ရစဉ်မှာပေါ့ ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

နောက်ဆုံးမိနစ်တွေမှာ ယာယာဟာ ခံစစ်လိုင်းက ကစားသမားတွေအား ဖြတ်တင်ဘောတွေမှာ တည်ငြိမ်ဖို့ စိတ်ဆိုးဆိုးနဲ့ အော်ဟစ်နေခဲ့ပါတယ်။ ပွဲအပြီးမှာတော့ အာဆင်နယ်ဟာ နိုင်ပွဲနဲ့အတူ အုပ်စုဗိုလ်နေရာကို ဆက်ယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။