ဆီးဗီးလာနဲ့ ချန်ပီယံလိဂ်ပွဲမှာ ယာယာ၊ ရမ်စ်းဒယ် ဘယ်သူ့ကို သုံးမလဲ အရိပ်အမြွက် ပေးလာတဲ့ နည်းပြအာတီတာ

ကြားရက် ချန်ပီယံလိဂ်ပွဲမှာ နည်းပြအာတီတာဟာ ဒေးဗစ် ယာယာကို ဆက်ပြီး နေရာပေးဖွယ် ရှိနေပါတယ်။

မန်စီးတီးနဲ့ ချယ်ဆီးပွဲတွေမှာ ယာယာထံက အမှားအယွင်းတွေ မြင်ခဲ့ရတဲ့နောက် ရမ်စ်းဒယ်ကို ပြန်ပြီး နေရာပေးဖို့ တောင်းဆိုမှုတွေ ထွက်နေတာပါ။ မူဒရစ် သွင်းယူခဲ့တဲ့ သွင်းဂိုး အနေအထားမှာ ယာယာက အာရုံစိုက်မှု နည်းပါးခဲ့ကြောင်း ထောက်ပြမှုတွေ ရှိပါတယ်။

အာဆင်နယ်နည်းပြကတော့ ယာယာရဲ့ စွမ်းဆောင်ရည်ကို ဝေဖန်ဖို့ရာ ငြင်းဆန်ခဲ့ပြီး နိုင်ပွဲတွေလိုတဲ့ အသင်းကြီးတွေမှာ ကစားရင် ဒီလို ဖိအားကတော့ ရှိမှာပါပဲလို့ တုန့်ပြန်ခဲ့ပါတယ်။

” ကျနော် အားလုံးကိုတော့ မမြင်လိုက်ပါဘူး။ ဒါက ထိပ်တန်း အသင်းတွေမှာ ကစားရခြင်းရဲ့ ဖိအားပဲလေ။ အနိုင်ရဖို့ လိုအပ်တဲ့ အသင်းမှာ ကစားရင် ကိုယ့်ရဲ့ အကောင်းဆုံးတွေ လုပ်ပြနိုင်ရမှာပါပဲ။

ကိုယ့်နေရာကို အပြိုင်လုမယ့် အသင်းဖော်တွေ ရှိနေတာမို့ နေ့တိုင်းမှာ အစွမ်းကုန် လုပ်ပြနိုင်ဖို့ တွန်းအားပေးနေရပါမယ်။ ဘယ်သူ့ကို ပွဲထုတ်ခွင့်ပေးသင့်လဲ ငြင်းခုံမှုတွေလည်း ရှိနိုင်ပါတယ်။ ဒါက ဘောလုံးပွဲရဲ့ အလှတရားပါ။

အသင်းမှာက အခြားသော ရွေးချယ်စရာတွေ ရှိနေတာမို့ ဘယ်သူ့ကို သုံးပါဆိုပြီး ဆွေးနွေးမှုတွေကတော့ ရှိနေမှာပါပဲ ” လို့ အာတီတာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။