အာဆင်နယ်က အထင်ကြီးစရာ မကောင်းခဲ့ဘူးလို့ မှတ်ချက်ပေးလာတဲ့ ဂယ်ရီနဗီး

လန်ဒန်ဒါဘီပွဲမှာ ချယ်ဆီးအသင်းကို သရေကစားနိုင်ခဲ့တာကို အာဆင်နယ်တို့ ပျော်ရွှင်နေရမှာပါလို့ ဂယ်ရီနဗီးက မှတ်ချက်ပေးလိုက်ပါတယ်။

အဆိုပါပွဲမှာ အာဆင်နယ်ဟာ ချယ်ဆီးရဲ့ ကစားကွက်ကို ဖြိုခွဲဖို့ ခက်ခဲနေခဲ့ပြီး မန်စီးတီးကို အနိုင်ရတဲ့ပွဲမှာ ထူးချွန်ခဲ့တဲ့ ခံစစ်မှူးတွေကလည်း အကောင်းဆုံး မကစားနိုင်ခဲ့ပါဘူး။

သို့ပေမယ့်လို့ ပွဲကို ၂-၀ ဖြင့် အရေးနိမ့်နေရာက သရေတစ်မှတ် ပြန်ယူနိုင်ခြင်းကို အာတီတာတို့ ကျေနပ်နေရမှာပါလို့ စကိုင်းစပေါ့ကနေ နဗီးက ပြောဆိုသွားပါတယ်။

ဂယ်ရီနဗီးက ” အာဆင်နယ်အသင်းကတော့ ချယ်ဆီးပွဲမှာ သရေတစ်မှတ် ရခဲ့တာအတွက် ပျော်ရွှင်နေရပါလိမ့်မယ်။ သူတို့ ကစားတာ မကောင်းခဲ့ပါဘူး၊ သူတို့ အကောင်းဆုံး ကစားနိုင်သလောက် ဒီပွဲမှာ ကစားနိုင်နိုင်ဖို့ မနီးစပ်ခဲ့ပါဘူး။

သူတို့ရဲ့ ဗဟိုခံစစ်မှူး နှစ်ဦးကြည့်ရတာ ကောင်းကောင်း ကစားနိုင်ခြင်း မရှိဘူးလို့ ကျနော် မြင်ပါတယ်။ အဲ့လို အနေအထားကနေ သရေတစ်မှတ် ယူနိုင်ခဲ့တာက အာဆင်နယ်အတွက် တကယ်ကို ကောင်းပါတယ် ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

အာဆင်နယ်ဟာ ရမှတ် ၂၁ မှတ်ဖြင့် မန်စီးတီးနဲ့ ရမှတ်တူဖြစ်နေပြီး စပါးတို့ လက်ကျန်ပွဲကို အနိုင်ရရင်တော့ တတိယနေရာ ဆင်းပေးရမှာ ဖြစ်ပါတယ်။