နည်းစနစ်ပိုင်းအရ ဒီ ၂ ခုမှ ကောင်းကောင်း မလုပ်ရင် အာဆင်နယ်က သာမာန် အသင်းပါပဲလို့ အာတီတာ ဝန်ခံ

ချယ်ဆီးကို ရင်ဆိုင်ကစားရာမှာ အာဆင်နယ်ဟာ တစ်ဦးချင်း ထိပ်တိုက်တွေ့မှုတွေအတွင်း ကျရှုံးခဲ့ပြီး ပြိုင်ဘက် ကစားသမားတွေကို လွတ်မြောက်ခွင့် ပေးခဲ့တယ်လို့ နည်းပြအာတီတာက မှတ်ချက်ပေးလိုက်ပါတယ်။

ဘောလုံးပိုင်ဆိုင်ရုံလောက် ကစားနေပြီး ရှင်းလင်းတဲ့ ရည်ရွယ်ချက် မပါခဲ့တာက အသင်းရဲ့ စွမ်းဆောင်ရည်ကို မှားယွင်းစေခဲ့ကြောင်း အခုလို သုံးသပ်ပြခဲ့ပါတယ်။

အာတီတာက ‘ ကျနော်တို့ ပွဲစတင်ပုံ မှားယွင်းခဲ့တယ်လို့ ထင်မိတယ်။ ကျနော်တို့ အသင်းက လုံလောက်တဲ့ ရည်ရွယ်ချက်နဲ့ ရှင်းလင်းစွာ ကစားနိုင်စွမ်း မရှိခဲ့ပါဘူး။ ချယ်ဆီးကို ခြိမ်းခြောက်မယ်ဟေ့ ဆိုတဲ့ ရည်ရွယ်ချက်မျိုး မပါဘဲ ဘောလုံး ရွေ့လျားနေရုံ သက်သက် ကစားနေခဲ့တယ်။

ချယ်ဆီးလို အသင်းကို ရင်ဆိုင်ပြီး အဲ့လို ကစားတာက သိပ်ကို အန္တရာယ် ကြီးပါတယ်။ တစ်ဦးချင်း စီးချင်းထိုးမှုတွေမှာ ကျနော်တို့ အနိုင်မရဘူး၊ နေရာကျဉ်းကျဉ်းတွေမှာလည်း ချယ်ဆီး ကစားသမားတွေ လှုပ်ရှားခွင့် ရစေခဲ့တယ်။

အဲ့လိုတွေ မှားခဲ့လို့ ချယ်ဆီးက နေရာလွတ်တွေကနေ တိုက်စစ်ဖွင့်ခဲ့တာ ဖြစ်ပါတယ်။ ဒါမျိုးမှာ ချယ်ဆီးတို့က သိပ်ကောင်းပါတယ်။ ချယ်ဆီးက သိပ်ကောင်းတဲ့ ကစားသမားတွေ ရှိနေတဲ့ ထိပ်တန်းအသင်းပါ။

အဲ့အချက် နှစ်ချက်ကို မလုပ်နိုင်ရင် ကျနော်တို့က သာမာန် အသင်းလေး တစ်သင်းပဲ ဖြစ်သွားပါတယ်။ အပြောင်းအလဲတွေနဲ့အတူ နောက်ဆုံး မိနစ် ၂၀-၂၅ မိနစ်လောက်မှာ ပိုကောင်းတဲ့အသင်း ဖြစ်လာခဲ့လို့တာပါ။

၂-၀ ကနေ ၂-၂ ပြန်ဖြစ်အောင် ကစားနိုင်ခဲ့တာကို သဘောကျတယ်။ ဒါကပဲ အသင်းသားတွေ ရလဒ် လိုချင်တယ်ဆိုတာ သိမြင်ရမှု ဖြစ်လာခဲ့ပါတယ် ’ လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။