သူတို့ ပိုကောင်းတယ်လို့ ပိုချက်တီနို ပြောလာခြင်းနဲ့ သရေပွဲအတွက် နှစ်သင်း နည်းပြတွေရဲ့ ပွဲအပြီး တုန့်ပြန်ချက်

စနေနေ့က ချယ်ဆီးနဲ့ အာဆင်နယ်တို့ ၂-၂ သရေကျတဲ့ပွဲဟာ အိမ်ရှင်အသင်းကို စိတ်ဓါတ်ပိုင်း မြင့်တက်သွားစေခဲ့မှာဖြစ်သလို ဂန်းနားတို့အတွက်လည်း ရှုံးပွဲမရှိ အခြေအနေကို ဆက်ထိန်းနိုင်စေခဲ့ပါတယ်။

ပွဲအပြီးမှာ ပိုချက်တီနိုကတော့ ချယ်ဆီးက အနိုင်ရသင့်တဲ့ အသင်းဖြစ်ကြောင်း သူ့ရဲ့ ယုံကြည်မှုကို ‘ ဒီနေ့မှာ အကောင်းမြင်စရာတွေ ရှိခဲ့ပါတယ်။ ကျနော်တို့က ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့တာပါ။ လုံးဝ မဖြစ်လိုတဲ့ အနေအထားနဲ့ ကျနော်တို့ ရမှတ် ၂ မှတ် ဆုံးရှုံးခဲ့တယ်။

မနှစ်ကရာသီ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်ခဲ့တဲ့ အသင်းကို ရင်ဆိုင်ပြီး အကောင်းမြင်စရာတွေ လုပ်ပြခဲ့တာပါ။ ကစားသမားတွေကလည်း တကယ်ကို စိတ်ပျက်နေကြပြီး သူတို့ ဒီလို ခံစားနေရတာကို ကျနော်တော့ သဘောကျမိပါတယ်
” လို့ မှတ်ချက်ပေးခဲ့တယ်။

ပါးမားနဲ့ မူဒရစ်တို့က ချယ်ဆီးကို ၂-၀ ဖြင့် ဦးဆောင်စေခဲ့ပေမယ့်လို့ ဂန်းနားတို့ကလည်း ရိုက်၊ ထရော့ဇတ်တို့ရဲ့ ဂိုးတွေဖြင့် စတမ်းဖိုဒ့်ဘရစ်ချ်မှာ သရေတစ်မှတ် ပြန်ခွဲယူခဲ့ကြတယ်။

အာတီတာကတော့ ” ချယ်ဆီးကို ရင်ဆိုင်လို့ ၂-၀ အခြေအနေ ဖြစ်နေပြီဆိုရင် ခေါင်းငုံ့ပြီး တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်ကြတော့တာပါပဲ။ ဒါပေမယ့် ကျနော်တို့ကတော့ အဲ့လို မလုပ်ဘဲ ပွဲထဲ ပြန်လာနိုင်မယ် ယုံကြည်ခဲ့ကြပါတယ် ” လို့ သရေပွဲအတွက် တုန့်ပြန်သွားပါတယ်။