စတမ်းဖိုဒ့်ဘရစ်ချ်မှာ ချယ်ဆီးကို သွားရောက် ရင်ဆိုင်တဲ့ပွဲက အတော်လေး ကြည့်ကောင်းခဲ့ကာ အပြန်အလှန် သွင်းဂိုးတွေဖြင့် ၂-၂ ရလဒ် ထွက်ခဲ့ပါတယ်။
နည်းပြအာတီတာက တိုက်စစ်မှာ ဒဏ်ရာပြဿနာတွေ ရှိထားကြတဲ့ ဆာကာ၊ မာတင်နယ်လီ၊ ဂျေးဆုတို့ကို ထုတ်သုံးခဲ့ပြီး ကွင်းလယ်မှာတော့ ဟာဗက်အစား ဂျော်ဂျင်ဟိုကို နေရာပေးခဲ့ပါတယ်။ ဒီပွဲမှာ လူတိုင်း စိတ်ဝင်စားကြတဲ့ ရိုက်စ်၊ ကိုင်ဆီဒို ကွင်းလယ် ပြိုင်ဆိုင်မှုကတော့ ကြည့်ကောင်းခဲ့ပါတယ်။
ပထမပိုင်းမှာ ပွဲအစလောက်ပဲ အာဆင်နယ်တို့ ကစားပုံကောင်းခဲ့ကာ တောက်လျှောက် ချယ်ဆီးက သိသိသာသာ ပိုကောင်းခဲ့ပါတယ်။ ဆာလီဘာ လက်ထိခြင်းကြောင့် ဖြစ်လာတဲ့ ပင်နယ်တီကို ပါးမားက တည်တည်ငြိမ်ငြိမ် အဆုံးသတ်ခဲ့ပါတယ်။
ချယ်ဆီးကစားသမားတွေ အသင်းရဲ့ ဧရိယာထဲ ဝင်မွှေနှောက်နေတာကို ခွင့်ပြုနေရတာက သဘောမကျစရာ ဖြစ်သလို ပထမပိုင်းမှာ ဆာကာတို့တွေ ထိထိမိမိ ခြိမ်းခြောက်နိုင်လောက်တဲ့ တိုက်စစ်ထိုးဖောက်မှု မရှိခဲ့ဘဲ ချယ်ဆီးရဲ့ ကစားပုံအောက်မှာ ရုန်းကန်နေခဲ့ရတယ်။
ဒုတိယပိုင်းအစမှာလည်း ဂိုးသမား ယာယာရဲ့ ရှေ့တက်လွန်းမှုကို အခွင့်အရေးယူပြီး မူဒရစ်က ကန်သွင်းရာ ဂိုးဝင်သွားခဲ့ပါတယ်။ ဒီပွဲ ယာယာ အတော်လေး အမှားများပြီး ချယ်ဆီးဘက်က အသုံးမချနိုင်လို့ တတိယ ဦးဆောင်ဂိုး မပေးခဲ့ရတာပါ။ နောက်ပိုင်းမှာတော့ ဂျက်ဆန်ရဲ့ ထိုးဖောက်မှု အပါအဝင် ဂိုးပေးရလောက်တဲ့ အခွင့်အရေးတွေကို သူကာကွယ်ပေးခဲ့ပါတယ်။
ဒါပေမယ့်လို့ ပွဲချိန် ၇၅ မိနစ်လောက်မှာ ချယ်ဆီး ဂိုးသမား ဆန်းချက်စ်ရဲ့ ပေါ့ဆတဲ့ ဘောလုံးပေးမှုကို ကွင်းလယ်လူ ရိုက်စ်က အသုံးချခဲ့ပြီး ဂိုးသမားမရှိတဲ့ ဂိုးပေါက်ကို အကောင်းဆုံး ပိတ်သွင်းပြီး ခြေပဂိုး ယူခဲ့ပါတယ်။
What a first time finish from Declan Rice 😲 pic.twitter.com/toLCH9tQJq
— ESPN UK (@ESPNUK) October 21, 2023
ခြေပဂိုးရပြီးတဲ့နောက် အာဆင်နယ်က ပွဲထဲ ပြန်ဝင်လာခဲ့ကာ ဆက်တိုက် ဖိအားပေးမှုတွေ လုပ်လာခဲ့တယ်။ ချယ်ဆီးတို့ လူစားလဲမှု ၂ ခု တွဲလုပ်ချိန် အထိုင်မကျခြင်းကနေ ထရော့ဇတ်က ဒုတိယခြေပဂိုး ထပ်ယူခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဂိုးမသွင်းနိုင်ကြဘဲ သရေရလဒ်နဲ့ ပွဲပြီးခဲ့ပါတယ်။
ဒီပွဲမှာ အာဆင်နယ်ရဲ့ ကစားပုံဟာ မန်စီးတီးကို အနိုင်ယူတုန်းကလို မာကျောခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း ပြိုင်ဘက်ရဲ့ အနိုင်ယူခြင်းကို မခံဘဲ ရလဒ်အတွက် တုန့်ပြန်ခဲ့ကာ အဝေးကွင်းမှာ အဖိုးတန် ရမှတ်ကို ပြန်ယူနိုင်ခဲ့တာမို့ မန်စီးတီးနဲ့ ရမှတ်တူ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ဆက်ရှိနေတာပဲ ဖြစ်ပါတယ်။