Chelsea v Arsenal ပွဲ နှာတစ်ဖျားအသာဖြင့် အနိုင်ရမယ့်အသင်း ထွက်ပေါ်မယ်လို့ ခန့်မှန်းလိုက်တဲ့ ခရစ်ဆက်တန်

နိုင်ငံတကာ သီတင်းပတ်အပြီး ပရီးမီးယားလိဂ် ပွဲစဉ်တွေ ပြန်လည် စတင်လာရာမှာ လန်ဒန်ဒါဘီ ပါဝင်လာပါတယ်။

ဒီအပတ်ပွဲကြီးပွဲကောင်းအတွက် ဘီဘီစီမှ ဝါရင့် သုံးသပ်သူကြီး ခရစ်ဆက်တန်ရဲ့ ခန့်မှန်းကို ဖော်ပြသွားပါမယ်။

Chelsea v Arsenal

ဒီပွဲ ဘယ်လိုဖြစ်မယ်ဆိုတာ ကျနော် ခန့်မှန်းရ ခက်ခဲနေပါတယ်။ စတမ်းဖိုဒ့်ဘရစ်ချ်မှာ နောက်ဆုံး ၃ ကြိမ် လာကစားတုန်းက အာဆင်နယ်တို့ အနိုင်ရခဲ့တယ်။ ဒါပေမယ့် ချယ်ဆီးကလည်း စုဖွဲ့မှု ကောင်းကောင်းဖြင့် စတင်ကစားလာနိုင်ပါပြီ။ စတာလင်က အန္တရာယ်ကြီးတဲ့ ကစားသမား ဖြစ်ပါတယ်။

အာဆင်နယ်အတွက် မေးခွန်းက သူတို့ ထပ်ပြီး လုပ်ပြနိုင်မလား? ပြီးခဲ့တဲ့ အပတ် မန်စီးတီးကို အနိုင်ရတုန်းကလို ပွဲကြီးတစ်ပွဲ အောင်နိုင်မှုမျိုး ရှာဖွေနိုင်မှာလား?

ဂန်းနားတွေဟာ တိုက်စစ်ပိုင်း ခြိမ်းခြောက်မှုတွေ၊ အဆုံးသတ်ပိုင်းတွေအတွင်း လိုက်လျောညီထွေ ကစားနိုင်စွမ်းနဲ့အတူ ချန်ပီယံတွေကို အနိုင်ယူခဲ့တယ်။ သူတို့ ၁-၀ နဲ့ပဲ အနိုင်ရခဲ့တာ ဆိုပေမယ့် ရလဒ်ကပဲ အရေးကြီးဆုံးပါပဲ။

ဒီပွဲအတွက် အာတီတာရဲ့ ပွဲပလန်က ဘာဖြစ်မယ်ဆိုတာတော့ ကျနော် မသိပါဘူး။ သူက သူ့အသင်းကို ကျစ်ကျစ်လစ်လစ် စုဖွဲ့ထားနိုင်ရင် သူတို့ နှာတစ်ဖျား အသာရသွားနိုင်ပါတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ ချယ်ဆီး ၀-၁ အာဆင်နယ်