ဇယားထိပ်ရောက်တိုင်း ဖလားမှန်းမနေနဲ့လို့ ပြိုင်ဘက်အသင်း အချို့ကို သတိပေးလိုက်တဲ့ ပေါမာဆန်

ဒီရာသီ မန်စီးတီးအသင်း အထနှေးနေတာမို့ သူတို့ကို ကျော်ပြီး ချန်ပီယံဖြစ်မယ်လို့ ကလပ်တွေ မျှော်လင့်နေရင် ဆုတောင်းလိုက်ကြဖို့ ပေါမာဆန်က သတိပေးလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ဇယားထိပ်ထိ တက်နိုင်ဖို့ အခွင့်အရေး ရှိခဲ့ပေမယ့် ၂ ပွဲဆက်တိုက် ခြေချော်ခဲ့ပြီး စပါးတို့ ထိပ်ရောက်သွားခဲ့တာပါ။ ဒါပေမယ့် ဒီအသင်းတွေက အချိန်တန်ရင် အောက်ပြန်ဆင်းမှာဖြစ်ပြီး ဇယားထိပ်မှာ အာဆင်နယ် မဟုတ်ရင် မန်စီးတီးပဲ ရှိလိမ့်မယ်လို့ ဂန်းနားဟောင်းက ခန့်မှန်းပါတယ်။

ပေါမာဆန်က ” မန်စီးတီးအသင်းရဲ့ အထနှေးမှုကြောင့် လူတွေရဲ့ အာရုံစိုက်မှုက လျော့နည်းလာတယ်။ မန်စီးတီးက ခရစ္စမတ်ပြီးရင် ပွဲပေါင်း ၁၃-၁၄ ပွဲလောက်ထိ ဆက်တိုက် အနိုင်ယူနိုင်စွမ်းရှိတဲ့ အသင်းဖြစ်ပါတယ်။

သူတို့ရဲ့ လူစာရင်းက အခြားအသင်းတွေ အားလုံးထက် တောင့်တင်းပါတယ်။ ဒီရာသီ ဘယ်အသင်းပဲ ဖြစ်ဖြစ် မန်စီးတီးအသင်းရဲ့ အထက်မှာ နေနိုင်ရင် ချန်ပီယံဖြစ်ပါပြီ။ ဒါပေမယ့် မန်စီးတီးရဲ့ အထက်မှာ ၂ သင်း ၃ သင်း ရှိလာမှာ မဟုတ်ပါဘူး။ မန်စီးတီးက ထိပ်ဆုံး ၂ သင်းထဲတော့ သေချာပေါက် ပါမှာပါ။

ထိပ်ဆုံး ၂ သင်းက အာဆင်နယ်နဲ့ မန်စီးတီးပဲ ဖြစ်သွားပါလိမ့်မယ်။ ချန်ပီယံလိဂ်ဝင်ခွင့် လက်ကျန် ၃ နေရာစာအတွက် ပရီးမီးယားလိဂ် ၇ သင်းလောက်က ပြိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အဲ့အသင်း ၇ သင်းကလည်း အချင်းချင်း အနိုင်ယူနိုင်စွမ်း ရှိကြပါတယ်။ ” လို့ မှတ်ချက်ပေးလိုက်တာ ဖြစ်ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် ထိပ်ဆုံး ၅ သင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ကို ရရှိမှာဖြစ်တာကြောင့် အခွင့်အရေးတွေ ပိုများလာနေတာ ဖြစ်ပါတယ်။