ဘောလုံးအကြောင်း ပိုနားလည်ဖို့ အမြဲတမ်း စောင့်ကြည့်သင့်တဲ့ ကလပ် ၃ သင်းအား ဖာဘရီဂတ်စ် ဖော်ထုတ်

ပရီးမီးယားလိဂ် ကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ်က နည်းပြလောကထဲ စတင် ဝင်ရောက်ဖို့ ကြိုးစားနေပြီး အီတလီ ဒုတိယတန်းကလပ် တစ်သင်းရဲ့ ယူ-၁၉ အသင်းကို ကိုင်တွယ်နေပါတယ်။

စပိန်လက်ရွေးစင် ကြယ်ပွင့်ဟောင်းက သူ စံနမူနာယူရမယ့် နည်းပြတွေကို လျာထားရာမှာ ဂွာဒီယိုလာနဲ့အတူ အာတီတာ၊ ဒီဇာဘီလို လူငယ် နည်းပြတွေ ပါဝင်နေတာပါ။

ဒီနှစ်တွေမှာ ဘရိုက်တန်ဟာ အာဆင်နယ်၊ မန်စီးတီးနည်းတူ စောင့်ကြည့်သင့်တဲ့ ဘောလုံးအသင်း ဖြစ်လာနေပြီး သူတို့ ပွဲတွေကို ကြည့်ရတာက ဘောလုံးပွဲအကြောင်း ပိုမို နားလည်လာစေတယ်လို့ ဖာဘရီဂတ်စ်က ထင်မြင်ချက် ပေးခဲ့တယ်။

“ သူတို့က ဘောလုံးအကြောင်း နားလည်ကြပါတယ်။ ပွဲကို ဘယ်လို အရှိန်သတ်ရမယ်၊ ဘယ်အချိန် အရှိန်တင်ရမယ်၊ မှန်ကန်တဲ့ နေရာလွတ်တွေ ဘယ်လိုရာရမယ်ပေါ့။ တိုက်စစ်သမားတွေအတက် မှန်ကန်တဲ့ ချိန်သားကိုက်မှုကို သူတို့ ရှာနိုင်ပါတယ်။

ကျနော် နှစ်သက်တဲ့ ပုံစံအတိုင်း သူတို့က ဘောလုံးကစားနေကြတာပါ။ လူတိုင်းက သူတို့ ဘယ်လိုကစားတယ် ဆိုတာကို လေ့လာ သင်ယူကြသင့်ပါတယ် ” လို့ ဖာဘရီဂတ်စ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အာတီတာနဲ့ ဒီဇာဘီဟာ ဒီနှစ်တွေမှာ စတင် လူသိများလာခဲ့ကာ သူတို့ရဲ့ ကစားဟန်ဟာ ရှင်းလင်းတဲ့ ပုံစံတွေ ရှိခြင်းကြောင့် မျိုးဆက်သစ် နည်းပြတွေကြားမှာ လူကြိုက်များလာနေတာ ဖြစ်ပါတယ်။