အာဆင်နယ် ကြယ်ပွင့် နှစ်ဦးနဲ့အတူ အောင်မြင်နိုင်မယ်လို့ ယုံကြည်နေတဲ့ ဂရီလစ်

အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ မီဒီယာ ဖြေကြားမှုတွေ ပြုလုပ်ရာမှာ ဂရီလစ်က လက်ရှိ အင်္ဂလန်အသင်းဟာ ဆုဖလားတွေ အောင်မြင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

ဂရီလစ်က ” အခုချိန်ဟာ ကျနော်တို့ အတူတကွနဲ့ အောင်မြင်နိုင်မယ့် အချိန်လို့ ခံစားမိနေကြပါတယ်။ ကျနော်တို့ အသင်းမှာ ရှိနေတဲ့ ကြယ်ပွင့် ကစားသမားတွေကိုပဲ ခင်ဗျားတို့ ကြည့်ကြည့်လေ။

ဟယ်ရီကိန်း၊ ဘယ်လင်ဟမ်၊ ဆာကာ၊ ဖိုဒန်၊ ရက်ဖိုဒ့်၊ ရိုက် ဒီကစားသမားတွေ အားလုံးက မယုံနိုင်လောက်အောင်ကို ထူးချွန်ကြသူတွေပါ ” လို့ ထုတ်ပြောခဲ့ပါတယ်။

မန်စီးတီး ကစားသမား တစ်ဦးဖြစ်တဲ့ ဂရီလစ်ဟာ ဆာကာနဲ့ ရိုက်တို့ရဲ့ အရည်အချင်းကို နားလည်ထားပါတယ်။ ဒီကစားသမား ၂ ဦးဟာ အင်္ဂလန်အသင်း အောင်မြင်ရေး အဓိကကျလာမယ့် သူတွေအဖြစ် သူက ယုံကြည်နေတယ်။

ဒီရာသီ ဒီကလန်ရိုက်စ် ပါဝင်လာမှုနဲ့အတူ အာဆင်နယ် လူစာရင်းနဲ့ စွမ်းဆောင်ရည်က ပိုကောင်းလာနေပြီး မန်စီးတီးရဲ့ အထက် ၂ မှတ်အကွာမှာ ရှိနေတာ ဖြစ်ပါတယ်။