ကွန်မြူနတီဒိုင်း အပါအဝင် ဒီရာသီ မန်စီးတီးနဲ့ တွေ့ထားတဲ့ နှစ်ကြိမ်လုံး အာဆင်နယ်အသင်းက အနိုင် ရထားပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပရီးမီးယားလိဂ် ပွဲမှာ အာဆင်နယ် က မန်စီးတီးကို မာတင်နယ်လီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့တာပါ။
ဒါကြောင့် အောက်တိုဘာလ နိုင်ငံတကာ သီတင်းပတ်ထဲ ဝင်သွားချိန် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို စပါးနဲ့ အာဆင်နယ်တို့က ဦးဆောင်နေပြီး မန်စီးတီးက အဆင့် ၃ နေရာ ကျသွားခဲ့ပါတယ်။
ဒါဆိုရင် အာဆင်နယ်က ဒီရာသီမှာ မန်စီးတီးကို နန်းချပြီး ပရီးမီးယားလိဂ် သရဖူ ကို ရယူသွားမလား?
နောက်ဆုံးရ စူပါကွန်ပျူတာရဲ့ တွက်ချက်မှုကတော့ အဲဒီလို မဟုတ်ပါဘူး။ တနင်္ဂနွေနေ့က ပွဲတွေ အပြီး ထုတ်ပြန်လာတဲ့ ၎င်းရဲ့ ပရီးမီးယားလိဂ် ခန့်မှန်းဇယားမှာ မန်စီးတီးကသာ ထိပ်မှာ ရှိနေပါတယ်။ အကြိမ်ရေ ၁ သိန်း တိတိ တွက်ချက်စစ်ဆေးခဲ့ပေမယ့် စူပါကွန်ပျူတာ BETSiE ရဲ့ ရွေးချယ်မှုကတော့ မန်စီးတီးပါပဲ။
ပက် ဂွာဒီယိုလာရဲ့ အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ခြေ ၅၄.၂% ရှိတယ်လို့ ၎င်းက ဆိုပါတယ်။ စီးတီးနောက်မှာမှ အာဆင်နယ်၊ လီဗာပူးနဲ့ နယူးကာဆယ်တို့ အသီးသီး ရပ်တည်နေမှာပါ။

ဒီရာသီ တာထွက်ကောင်းနေတဲ့ စပါးကိုတော့ ချန်ပီယံလိဂ် ဝင်ခွင့် မရဘဲ အဆင့် ၅ နဲ့ပဲပြီးမယ် ဆိုထားပြီး အဆင့် ၆ နေရာမှာ မန်ချက်စတာ ယူနိုက်တက်၊ ချယ်ဆီးကိုတော့ အဆင့် ၉ လို့ တွက်ထုတ်ထားပါတယ်။
တန်းဆင်းမယ့် ၃ သင်းကိုတော့ ဘုန်းမောက်၊ လူတန်နဲ့ ရှက်ဖီးယူနိုက်တက် တို့ ဖြစ်မယ်လို့ ၎င်းက ရွေးချယ်ထားပါတယ်။
