အမ်းမရိတ်မှာ ယှဉ်ပြိုင်ကစားတဲ့ စူပါဆန်းဒေး ပွဲကြီးပွဲကောင်းမှာတော့ အာဆင်နယ်အသင်း ရင့်ကျက်တဲ့ ကစားပုံ ပြသခဲ့ကာ မာတင်နယ်လီရဲ့ သွင်းဂိုးနဲ့အတူ အာဆင်နယ်တို့ အနိုင်ရခဲ့ပြီ ဖြစ်ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်မယ့် အဓိက ကလပ် ၂ သင်း ထိပ်တိုက်တွေ့ကြတဲ့ ပွဲစဉ်ဖြစ်တာကြောင့် အတော်လေး စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြတယ်။ နှစ်သင်းလုံးက သတိကြီးတဲ့ ပွဲချဉ်းကပ်မှုဖြင့် ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ပွဲအစောပိုင်းမှာ အာဆင်နယ်ဘက်က ဂိုးသမား ယာယာ အပါအဝင် ခံစစ်က အနည်းငယ် ထိန့်ပြာနေမှုကို မြင်ခဲ့ရပါသေးတယ်။ နောက်ပိုင်းမှာတော့ အသင်းက တည်ငြိမ်လာခဲ့တယ်။
နှစ်သင်းလုံးရဲ့ ခံစစ်ဟာ တိုက်စစ်သမားတွေ ထိုးဖောက်ရ ခက်ခဲလှတာကာ ဒီဘရိုင်းနဲ့ ရိုဒရီတို့ မပါတဲ့ မန်စီးတီးထံက အန္တရာယ်များတဲ့ ဖန်တီးမှုတွေ မြင်ရခဲခဲ့ပါတယ်။
ပွဲကြီးတစ်ပွဲဖြစ်ပေမယ့် မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ဖျော်ဖြေမှုပေးဖို့ထက် ရမှတ်ကို အဓိကထား ယှဉ်ပြိုင်ခဲ့ကြပြီး အာဆင်နယ်က အနည်းငယ် ပိုတိကျတဲ့ ကန်ချက်တွေကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဆာဘီလာတို့ရဲ့ ဖိနှိပ်ထားမှုတွေကြောင့် ဒီပွဲမှာ ဟာလန်းထံက ဘာအစွမ်းအစမှ မမြင်ခဲ့ရပါဘူး။
ဒီပွဲမှာ အာတီတာရဲ့ လူစားလဲမှုတွေက ပွဲရလဒ်အတွက် သက်ရောက်မှု ကြီးခဲ့ပါတယ်။ သွင်းဂိုးကတော့ ဒုတိယပိုင်းအတွင်း ထရော့ဇက်နေရာ လူစားဝင်တဲ့ မာတင်နယ်လီရဲ့ ကန်ချက် အကီ မျက်နှာနဲ့ထိပြီး လမ်းကြောင်းပြောင်း ဝင်သွားခဲ့တာပါ။ ဒီတစ်လုံးတည်းသော သွင်းဂိုးနဲ့ပဲ ပွဲပြီးခဲ့ပါတယ်။
ဒီပွဲမတိုင်ခင် ဘယ်သူကမှ အာဆင်နယ် နိုင်မယ်လို့ ယုံကြည်ချက် မရှိခဲ့ကြဘဲ သရေလောက်ပဲ အမြင့်ဆုံး ယူနိုင်မယ် ခန့်မှန်းခဲ့ကြတာပါ။ ပွဲအပြီးမှာ မန်စီးတီးဘက်က ဝေါ်ကာနဲ့ ဟာလန်းတို့ အရှုံးရလဒ်ကို သိပ်မကျေနပ်ကြဘဲ အာဆင်နယ် ဝန်ထမ်းအချို့နဲ့ စကားများနေခဲ့ကြပါသေးတယ်။
အဖိုးတန် နိုင်ပွဲကြောင့် နိုင်ငံတကာသီတင်းပတ်မှာ အာဆင်နယ်ဟာ စပါးနဲ့ ရမှတ်တူ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်ကာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်ဖို့ စတင်လာခဲ့ပြီ ဖြစ်ပါတယ်။
