ဘုန်းမောက်ပွဲမှာ အာဆင်နယ်တို့ ၄-၀ ဖြင့် အနိုင်ရတဲ့ပွဲအတွင်း ဟာဗက်ကို ပင်နယ်တီ ပေးကန်လိုက်တာမျိုးက မလုပ်သင့်ဘူးလို့ ESPN ကနေ သုံးသပ်သူ စတိနီကိုးက ဝေဖန်လိုက်ပါတယ်။
ပွဲချိန် ၅၃ မိနစ်မှာ ဟာဗက်က ပင်နယ်တီကနေ တတိယ ဦးဆောင်ဂိုးကို သွင်းယူခဲ့တာပါ။ ဒါပေမယ့်လို့ အဝေးကွင်းမှာ ၂-၀ ဆိုတဲ့ ရလဒ်က အနိုင်ရဖို့ သေချာသေးတာ မဟုတ်ဘဲ ဟာဗက် ပင်နယ်တီ မဝင်ခဲ့ရင် ဘယ်လို လုပ်မလဲ? ဆိုကာ အာတီတာက ပရော်ဖက်ရှင်နယ် မဆန်ခဲ့ဘူးလို့ ၎င်းက ထောက်ပြခဲ့တာပါ။
‘ အကယ်လို့ အာဆင်နယ်ရဲ့ သေရေးရှင်ရေးက ဒီဂိုးအပေါ် မူတည်နေတယ်ဆိုရင် ဆာကာ ဒါမှမဟုတ် အိုဒီဂတ်က တာဝန်ယူရမှာပါလေ။ ဟာဗက် တာဝန်ယူရမှာ မဟုတ်ပါဘူး။ ၂-၀ မှာ ပွဲက ပြီးသေးတာ မဟုတ်ပါဘူး၊ ဒါက ပရော်ဖက်ရှင်နယ် မဆန်ခဲ့တာပါ။
၂-၀ မှာ ဟာဗက် လွဲသွားမယ် ဘယ်လိုလုပ်မလဲ? ဘယ်သူမှ အဲ့လိုမျိုး ဖြစ်ချင်မှာ မဟုတ်ပါဘူး။ အသင်းတစ်သင်းရဲ့ နည်းပြက ဒါမျိုးကို ခွင့်ပြုပေးမယ်ဆိုရင် အခြား ကိစ္စတွေမှာလည်း ရပါတယ်တွေ ဖြစ်လာလိမ့်မယ်။ နည်းပြတစ်ယောက်က တိကျရမယ်။ အမိန့်က အမိန့်ပါပဲ။
ဂိုးသွင်းလိုက်နိုင်တာက ကွင်းလယ်မှာ ဟာဗက် ကစားတာကို ပြောင်းလဲသွားစေမယ်လို့ ထင်မိလား? မပြောင်းလဲစေပါဘူး။ ဒီလုပ်ရပ်က ပရော်ဖက်ရှင်နယ် မဆန်ပါဘူး ’ လို့ ဝေဖန်ခဲ့ပါတယ်။
တဖက်မှာ ဟာဗက် ပင်နယ်တီ ကန်သွင်းနိုင်ခဲ့တာမို့ ဒီသွင်းဂိုးဟာ ကွင်းလယ်လူရဲ့ အာဆင်နယ် ကစားသမားဘဝ အပြောင်းအလဲ ဖြစ်လာစေဖို့ အာတီတာက မျှော်လင့်နေပါတယ်။
အလန်ရှီးယားကတော့ ဟာဗက် ဂိုးရခဲ့ပေမယ့် သူဟာ အာဆင်နယ်ရဲ့ ပုံမှန် ပွဲထွက်ခွင့်ရ ကစားသမား မဖြစ်သင့်ဘူးလို့ မှတ်ချက်ပေးခဲ့ပါသေးတယ်။
