မနေ့ညက ဘုန်းမောက်နဲ့ ပွဲမှာ အာဆင်နယ် အသင်းဟာ ဝေဖန်မှုတွေ ခံနေရတဲ့ တိုက်စစ်သမား ကိုင်ဟာဗက် ကို ပင်နယ်တီ ပေးကန်ခဲ့ပြီ ဂျာမန်သားကလည်း အမှားအယွင်းမရှိ ဂိုး အဖြစ် ပြောင်းလဲ နိုင်ခဲ့ပါတယ်။
ဒီပွဲနဲ့ ဒီသွင်းဂိုးဟာ ကိုင်ဟာဗက် အတွက် အလှည့်အပြောင်း ဖြစ်လာနိုင်မယ် လို့လည်း နည်းပြ အာတီတာက မျှော်လင့်နေပါတယ်။
ဒါ့အပြင် ဟာဗက်ရဲ့ ကြိုးစားမှုတွေ အပေါ် နာမည်ကြီး အပြေးသမား အူစိန်ဘော့ ရဲ ပြောစကားနဲ့ ဥပမာပေးကာ အာတီတာက ပြောဆိုလာပါတယ်။

ဘုန်းမောက်နဲ့ ပွဲ အပြီးမှာ အာတီတာက ” ဒီပွဲက ဟာဗက် အတွက် အရာရာ ပြောင်းလဲသွားကောင်း သွားပါလိမ့်မယ်။ လူတွေက သူနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ ဘယ်လို သဘောထား ရှိလဲ၊ ဘယ်လောက် နှစ်ခြိုက်လဲ အသိအမှတ်ပြုသလဲ သိချင် ပြောချင်နေကြတယ်။ အခုဆို ဒါတွေ မလိုတော့ဘူး ထင်တယ်။
အားကစားနဲ့ ပတ်သတ်ရင် တခါက အူစိန်ဘော့ ပြောခဲ့ဖူးတာလေး ရှိတယ်။ သူက ၉ စက္ကန့်စာလောက် ပြိုင်ပွဲမှာ ပြေးပြဖို့ ၄ နှစ်လောက်ကို လေ့ကျင့်ခဲ့ရတယ် တဲ့။
တခါတလေကျ ကိုယ်က အများကြီး လုပ်ဆောင် ကြိုးစားနေရလဲ ဒါတွေက လူမြင်ချင်မှ မြင်တာ။ ဒါပေမယ့် အခုနေမှာတော့ ဟာဗက် ကြိုးစားတယ် အရည်အသွေး ရှိတယ် ဆိုတာ မြင်လာကြပြီ ထင်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း သူလည်း အတော် ခက်ခဲခဲ့တာပါ။ ဒီအခိုက်အတန့်လေးကတော့ ထိုက်တန်သွားခဲ့ပါပြီ။ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အာတီတာကတော့ ကိုင်ဟာဗက် ကို ဇွဲမလျှော့ဘဲ သူ့ လူစာရင်းမှာ ထည့်သုံးရတာ ကို ဂုဏ်ယူနေပြီး ဂျာမန်သားဟာ အသင်း တိုက်စစ် အတွက် အများကြီး ပံ့ပိုးလာနိုင်မယ် လို့လည်း ယုံကြည် မျှော်လင့်နေပါတယ်။
