ဒီရာသီ အာဆင်နယ် ဘာကြောင့် ချန်ပီယံလိဂ် ဗိုလ်စွဲနိုင်သလဲ ရှင်းပြသွားတဲ့ ဒီကလန်ရိုက်စ်

အာဆင်နယ်ဟာ ဘောလုံးရာသီ အတော်ကြာ ဝေးကွာနေရတဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲကို ဒီရာသီမှာ ပြန်လည် ပါဝင် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီ ဖြစ်ပါတယ်။

ဒီနွေမှ အာဆင်နယ်ထံ ပြောင်းလာခဲ့တဲ့ ဂန်းနားကွင်းလယ်သစ် ဒီကလန် ရိုက်စ် ကတော့ အာဆင်နယ်ဟာ ချန်ပီယံလိဂ် ဗိုလ်စွဲနိုင်သည်ထိ စွမ်းဆောင်သွားနိုင်တယ် လို့ ယုံကြည်နေပါတယ်။

ဒီကလန် ရိုက်စ်က လတ်တလော FourFourTwo အင်တာဗျူးမှာ အာဆင်နယ် ချန်ပီယံလိဂ် ရနိုင်တဲ့ အကြောင်း အခုလို ပြောဆိုလာတာပါ။

” အာဆင်နယ်က ၂၀၀၆ တုန်းကလည်း (ဘာစီလိုနာနဲ့ တွေ့ပြီး) ချန်ပီယံလိဂ် ရဖို့ အရမ်း နီးစပ်ခဲ့တာပါ။ အဲဒီတုန်းကသာ ရခဲ့ရင် အသင်း လက်ရှိ ဆုဖလားတွေနဲ့ ပေါင်းပြီး ဒီကလပ်က ထိပ်တန်း ဖြစ်နေပါပြီ။

ကလပ် ဘောလုံးလောကမှာ ချန်ပီယံလိဂ် ဆိုတာ အကြီးကျယ် အခမ်းနားဆုံး ပြိုင်ပွဲ တစ်ခုပါ။ အာဆင်နယ် လို ကလပ် အသင်းက ဒီပြိုင်ပွဲမှာ ပါဝင်ဖို့ ထိုက်တန်သလို ဘာမဆိုလည်း ဖြစ်လာနိုင်ပါတယ်။

အင်တာ (မီလန်) ရဲ့ ပြီးခဲ့တဲ့ ရာသီကိုပဲ ကြည့်လိုက်ပါ။ သူတို့ ကို ဘယ်သူကမှ ထင်မထားကြဘဲ ဖိုင်နယ်ထိ ရောက်သွားကြတယ်။ ပုံစံကောင်းနဲ့သာ သွားမယ်ဆိုရင် ဒါက ဖြစ်နိုင်ပါတယ်။ ကျွန်တော်ကတော့ အသင်းက အကောင်းဆုံး ယှဉ်ပြိုင်သွားနိုင်မယ် လို့ ယုံကြည်မှု ရှိတယ်။ ” လို့ ရိုက်စ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ လက်တလောမှာ ဒဏ်ရာရ ကစားသမားတွေ များပြားနေပြီး နည်းပြအာတီတာ အနေနဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ ဟန်ချက်ညီတဲ့ လူစာရင်း ထုတ်ဖို့ ကြိုးစားရတော့မှာ ဖြစ်ပါတယ်။