ဂန်းနားတို့ ရသွားတဲ့ ရိုက်စ်ကို ချယ်ဆီး ဘာလို့ လက်ရှောင်ခဲ့သလဲ အကြောင်းရင်း ထွက်ပေါ်လာ

အာဆင်နယ်ဟာ ဒီနွေမှာ ဒီကလန်ရိုက်စ်ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး သူ့ကို မန်စီးတီး၊ ချယ်ဆီးတို့ကလည်း စိတ်ဝင်စားမှု ပြသခဲ့သေးတာပါ။

ရိုက်စ်ကတော့ ကလပ်ရဲ့ ပရော်ဂျက်တွေကို အတော်လေး ယုံကြည်နေသလို သူဟာ အာတီတာလက်အောက်မှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တွေကို အောင်မြင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် အမ်းမရိတ်ကို ပြောင်းလာတာပါလို့ ဖွင့်ဟခဲ့ပါတယ်။

The Telegraph ကနေ သတင်းထောက် Matt Law က ဖော်ပြရာမှာ ချယ်ဆီးကလည်း ဒီကလန်ရိုက်စ်ကို စိတ်ဝင်စားခဲ့ပါတယ်။ ဒါပေမယ့် သူ့အတွက် ပေါင် သန်း ၁၀၀ ပေးဖို့ကတော့ အင်္ဂလန် ကစားသမား ဖြစ်နေတာကြောင့် အဲ့လောက် စျေးကြီးနေတာလို့ ချယ်ဆီးဘက်က ယုံကြည်ခဲ့ပါတယ်။

ချယ်ဆီးက ရိုက်စ်ကို ပေါင် သန်း ၁၀၀ အထက် ပေးရမယ့်အစား ကိုင်ဆီဒိုကို ပေါင် ၁၁၅ သန်း ပေးဖို့ပဲ ဆန္ဒရှိခဲ့ပါတယ်။ အီကွေဒေါ ကွင်းလယ်လူကပဲ ပိုကောင်းတဲ့ အလားအလာ ရှိသူအဖြစ် ချယ်ဆီး အကြီးအကဲတွေက တွက်ဆခဲ့တာပါ။

လက်ရှိမှာ အာဆင်နယ်က ဇယားထိပ်က မန်စီးတီးနောက် ၄ မှတ်အကွာမှာဖြစ်ပြီး ချယ်ဆီးကတော့ ရာသီအစ ၆ ပွဲမှာတင် ၁၃ မှတ် ပြတ်နေခဲ့ပါပြီ။ ဒီရာသီ တာထွက်အရ ရိုက်စ်ရဲ့ ရွေးချယ်မှုက မှန်ကန်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။