စပါးပွဲမှာ လူစားလဲခံခဲ့ရတဲ့ ဒီကလန်ရိုက်စ်ရဲ့ ဒဏ်ရာ အခြေအနေ

ကွင်းလယ်လူ ဒီကလန်ရိုက်စ်ဟာ စပါးနဲ့ ၂-၂ သရေကျတဲ့ ပွဲစဉ်အတွင်း ဒုတိယပိုင်းမှာ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပါတယ်။

ဒီရာသီ အာဆင်နယ်အသင်းမှာ အဓိကကျတဲ့ ကစားသမားအဖြစ် ခြေစွမ်းပြနေတဲ့ ရိုက်စ်ရဲ့ ဒဏ်ရာဟာ ပရိသတ်တွေအတွက် စိတ်ပူစရာ ဖြစ်နေခဲ့တာပါ။ သတင်းကောင်းကတော့ သူဟာ ပြင်းထန်တဲ့ ဒဏ်ရာ ရခဲ့ခြင်း မဟုတ်ပါဘူး။

The Athletic ကတော့ ရိုက်စ်ဟာ နောက်ကျော နာကျင်မှုကြောင့် မသက်မသာ ခံစားမှုရခဲ့ပေမယ့် ပြင်းထန်တဲ့ ဒဏ်ရာမျိုး မဟုတ်ဘူးလို့ ဖော်ပြခဲ့တယ်။ လာမယ့်ရက်တွေမှာ ကုသမှုနဲ့ စစ်ဆေးမှုတွေကိုတော့ ဆက်လုပ်ရပါဦးမယ်။

နည်းပြအာတီတာဟာ ဘရန့်ဖိုဒ့်နဲ့ ရင်ဆိုင်ရမယ့် ကြားရက် ကာရာဘောင်းပွဲမှာ ရိုက်စ်ကို ထည့်သွင်းဖွယ် မရှိပါဘူး။ ဒါပေမယ့် ဒီအပတ်အကုန် ဘုန်းမောက်နဲ့ နောက်အပတ် ချန်ပီယံလိဂ်ပွဲ၊ မန်စီးတီးပွဲတွေမှာတော့ ပါဝင်နိုင်ဖွယ် ရှိပါတယ်။

အာဆင်နယ်မှာ ဒဏ်ရာရ ကစားသမားတွေ စတင်ရှိလာနေပြီး ဆာကာနဲ့ မာတင်နယ်လီတို့ကလည်း အသေးစား ကြံ့ခိုင်မှု ပြဿနာတွေ ရှိထားကြတာပါ။ သူတို့ နှစ်ဦးကလည်း ဒီအပတ် ဘုန်းမောက်ပွဲမှာ ပြန်ပါနိုင်မယ်လို့ ခန့်မှန်းရပါတယ်။