ဒီကနေ့ည မြောက်လန်ဒန် ဒါဘီပွဲ အကြိုမှာ ပရီးမီးယားလိဂ် တိုက်စစ်သမားဟောင်း ဘာဘာတော့ဗ်က အာဆင်နယ် နိုင်မှာ မဟုတ်ဘူးလို့ ခန့်မှန်းခဲ့တယ်။
အာဆင်နယ် v တော့တင်ဟမ် စပါး
ဘယ်အသင်းမဆို နိုင်နိုင်တယ်။ ဒါက ဒါဘီပွဲမို့ အမှတ်ပေးဇယားပေါ်က အဆင့်ရပ်တည်ချက်က အရေးမကြီးပါဘူး။ ဘယ်သူက ပိုနိုင်ချင်သလဲအပေါ် မူတည်တယ်။ ကျနော်တော့ သရေကျသွားမယ်ထင်တယ်။
ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် ၂-၂ စပါး။
ဒီပွဲနဲ့ ပတ်သက်လို့ လူတိုင်းက စပါးအကြောင်း ပြောလာနေခြင်းအပေါ် ဂန်းနားဟောင်းကြီး ပေါမာဆန်က ‘ ဒီပွဲက စပါးအတွက်တော့ ကြီးမားတဲ့ စမ်းသပ်ခံရမှု ဖြစ်လာလိမ့်မယ်။ အားလုံးက စပါးကို ထင်ကြေးတွေ သိပ်ပေးလာကြပေမယ့် သူတို့ ဒီရာသီ ယူနိုက်တက်ကို ရင်ဆိုင်ရတဲ့ပွဲလောက်ပဲ ပွဲကြီး ကစားထားရတာ။
စပါးက အခုမှ စတင်လာနေစ ဖြစ်ပြီး အာဆင်နယ်က မနှစ်တုန်းက ၃၈ ပွဲ ကစားပြီး ကမ္ဘာ့အကောင်းဆုံး အသင်း ဖြစ်လုနီးပါး အနေနဲ့ သက်သေပြခဲ့တာပါ။ တနင်္ဂနွေနေ့ပွဲမှာ စပါးတို့ ဘယ်လို ချဉ်းကပ်မလဲ ကြည့်ရပါမယ်။
ပိုစတီကိုဂလူးက အာဆင်နယ်ကို တိုက်စစ် ကစားပြီး လာယှဉ်လို့ မရပါဘူး။ ဘောလုံးပေးမှုနဲ့ လိုင်းတွေကြား ရွေ့လျားမှုတွေမှာ အာဆင်နယ် ကစားကွက်ကို စပါးတို့ မယှဉ်နိုင်ပါဘူး။ သူတို့ ရှင်းထုတ်ခံရမှာပါ။ ဒီပွဲ စပါးတို့ အနိုင်ရရင် ကျနော် သိပ်ကို အံ့ဩမိလိမ့်မယ် ’ လို့ သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။
