အာဆင်နယ်ကို ရင်ဆိုင်ရမယ့်ပွဲ မတိုင်ခင် ကွင်းလယ်ပိုင်း ထိခိုက်မှုကြီးတွေ ရင်ဆိုင်နေရတဲ့ မန်စီးတီး

စနေနေ့ ပွဲစဉ်အဖြစ် မန်စီးတီးဟာ ဖောရက်စ်ကို ရင်ဆိုင်ကစားရာမှာ ဖိုဒန်၊ ဟာလန်းတို့ရဲ့ သွင်းဂိုးတွေဖြင့် ၂ ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။

အဆိုပါပွဲမှာ ဒဏ်ရာ ပြဿနာတွေကြောင့် ဒီဘရိုင်း၊ ဘာနာဒိုတို့ကို လက်လွတ်ထားရတဲ့ စီးတီးဟာ ဒုတိယပိုင်း အစမှာ ကွင်းလယ်လူ ရိုဒရီ တိုက်ရိုက် အနီကဒ် ရခဲ့တာကြောင့် ခက်ခဲတဲ့ ၄၅ မိနစ်ကို ကစားသွားရသေးတာ ဖြစ်ပါတယ်။

ဖောရက်စ် တိုက်စစ်သမား ဂစ်ရိုက်ကို လည်ပင်ညစ်ခဲ့တာကြောင့် ရိုဒရီကို ကွင်းလယ်ဒိုင်က တိုက်ရိုက် အနီကဒ် ပြသခဲ့တယ်။ ရိုဒရီဟာ စီးတီးရဲ့ လာမယ့် ၃ ပွဲကို ပွဲပယ်ခံရမှာဖြစ်ပြီး အောက်တိုဘာလ ၈ ရက်နေ့ အမ်းမရိတ်မှာ ယှဉ်ပြိုင်မယ့် အာဆင်နယ် vs စီးတီး ပွဲစဉ်ကို လွဲချော်သွားပါမယ်။

မန်စီးတီး ကွင်းလယ်ဟာ လက်ရှိမှာ လူသစ်ဖြစ်တဲ့ နူးနက်စ်၊ အင်္ဂလန်ကွင်းလယ်လူ ကယ်ဗင်ဖီးလစ်တို့ ၂ ဦးပဲ ကြံ့ခိုင်မှု ကောင်းမွန်နေတာပါ။ ပြီးခဲ့တဲ့ ရာသီတွေမှာ ကွင်းလယ် တက်ကစားခဲ့တဲ့ ဂျွန်စတုန်းအပြင် ချယ်ဆီးကနေ ခေါ်ယူထားတဲ့ ကိုဗာဆစ်ကလည်း ဒဏ်ရာ ပြဿနာ ရှိနေပါတယ်။

အာဆင်နယ်ပွဲ ကစားဖို့ ၂ ပတ်ကျော် အချိန်ရသေးပေမယ့်လို့ စီးတီးရဲ့ ကွင်းလယ်ဟာ အတော်လေး အထိနာနေတာ ဖြစ်ပါတယ်။