စပါးလား? လုံးဝ ယှဉ်နိုင်မှာ မဟုတ်ဘူး၊ သူတို့ ရှင်းထုတ်ခံရမှာ ဆိုတဲ့ ဂန်းနားကြီးရဲ့ သုံးသပ်ချက်

တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားမယ့် အာဆင်နယ်နဲ့ စပါးတို့ရဲ့ မြောက်လန်ဒန် ဒါဘီပွဲစဉ်အပေါ် စကိုင်းစပေါ့ သုံးသပ်သူ ပေါမာဆန်က ပွဲကြို ခန့်မှန်းမှု လုပ်လာခဲ့ပါတယ်။

ပြိုင်ဘက်နှစ်သင်းဟာ ဒီရာသီ ၅ ပွဲကစား ရမှတ် ၁၃ မှတ်စီ ရထားကြတာပါ။ ဒီပွဲဟာ နှစ်သင်းလုံးအတွက် အရေးပါပြီး နိုင်ပွဲရတဲ့ အသင်းက တာထွက်ကောင်းနေမှုမှာ အားတက်စရာ အရှိန်တစ်ခုကို ရရှိမှာ ဖြစ်ပါတယ်။

ပေါမာဆန်က ‘ ဒီပွဲက စပါးအတွက်တော့ ကြီးမားတဲ့ စမ်းသပ်ခံရမှု ဖြစ်လာလိမ့်မယ်။ အာဆင်နယ်အတွက်တော့ စမ်းသပ်မှုကြီး ဖြစ်မှာ မဟုတ်ပါဘူး။ အားလုံးက စပါးကို ထင်ကြေးတွေ သိပ်ပေးလာကြပေမယ့် သူတို့ ဒီရာသီ ယူနိုက်တက်ကို ရင်ဆိုင်ရတဲ့ပွဲလောက်ပဲ ပွဲကြီး ကစားထားရတာ။

စပါးက အခုမှ စတင်လာနေစ ဖြစ်ပြီး အာဆင်နယ်က မနှစ်တုန်းက ၃၈ ပွဲ ကစားပြီး ကမ္ဘာ့အကောင်းဆုံး အသင်း ဖြစ်လုနီးပါး အနေနဲ့ သက်သေပြခဲ့တာပါ။

တနင်္ဂနွေနေ့ပွဲမှာ စပါးတို့ ဘယ်လို ချဉ်းကပ်မလဲ ကြည့်ရမယ်။ ပေါ့စတာကိုဂလိုက သူကိုင်တွယ်တဲ့ အသင်းတိုင်းကို တူညီတဲ့ နည်းလမ်းနဲ့ပဲ ကစားတယ်။ အာဆင်နယ်ကို တိုက်စစ် လာကစားရင် နိုင်မယ့်အသင်းက တစ်သင်းပဲ ရှိတယ်။

ဘောလုံးပေးမှုနဲ့ လိုင်းတွေကြား ရွေ့လျားမှုတွေမှာ အာဆင်နယ် ကစားကွက်ကို စပါးတို့ မယှဉ်နိုင်ပါဘူး။ သူတို့ ရှင်းထုတ်ခံရမှာပါ။

စပါးတို့ ကောင်တာ တိုက်စစ် ကစားရင်တော့ ပွဲက တစ်မျိုးဖြစ်ရင် ဖြစ်မယ်။ ဒါပေမယ့် စပါးနည်းပြ အဲ့လို ကစားမယ် မထင်ပါဘူး။ ဒီပွဲ စပါးတို့ အနိုင်ရရင် ကျနော် ရှော့ရမိမှာပဲ၊ သိပ်ကို အံ့ဩမိလိမ့်မယ် ’ လို့ သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။