အာဆင်နယ်နည်းပြ အာတီတာရဲ့ ဂိုးသမားနေရာ ရမ်စ်ဒယ်နဲ့ ယာယာတို့ကို ပြိုင်ဆိုင်စေခြင်းဟာ ပြဿနာသစ်တွေကို ဖန်တီးနေခြင်းပါလို့ ဂိုးသမားဟောင်း ရှမိုက်ကယ်က ဝေဖန်ခဲ့ပါတယ်။
အာဆင်နယ်ဟာ ဒီနွေမှာ ဘရန့်ဖိုဒ့် ဂိုးသမား ယာယာကို အငှားခေါ်ယူခဲ့ပြီး ရာသီကုန်မှာ ပေါင် ၂၇ သန်းဖြင့် အပြီးသတ် ခေါ်ယူခွင့် ပါဝင်ထားတာ ဖြစ်ပါတယ်။ ရာသီစ ပွဲစဉ် အချို့ကို ရမ်စ်ဒယ်က တာဝန်ယူခွင့်ရပေမယ့်လို့ ဒီနောက်ပိုင်းမှာ ယာယာက နေရာရလာခဲ့ပါတယ်။
ရှမိုက်ကယ်က ‘ ကျနော်တော့ နားကိုမလည်တော့ဘူး။ ဂိုးသမားတွေကို ပြိုင်ဆိုင်လာစေဖို့ သူဘာလို့ ဖန်တီးချင်ရတာလဲ။ ဂိုးသမားနေရာဆိုတာ တည်ငြိမ်နေဖို့ လိုပါတယ်။ ကျနော်ကတော့ အာတီတာက ပြဿနာသစ်ကို ဖန်တီးနေမိပြီလို့ပဲ ထင်ပါတယ် ’ လို့ မြင်တာပါ။
လီဗာပူးခံစစ်မှူးဟောင်း ကာရေဂါကတော့ ရှမိုက်ကယ်ရဲ့ ဝေဖန်မှုကို လက်မခံဘဲ အာတီတာဟာ အာဆင်နယ်ကို ပိုကောင်းတဲ့အသင်း ဖြစ်လာစေဖို့ ယာယာဖြင့် အဆင့်မြှင့်လိုက်တာလို့ သူ့အမြင်ကို ထုတ်ဖော်ခဲ့တယ်။
ကာရေဂါက ‘ တူညီတဲ့ အရည်အချင်းနဲ့ ဂိုးသမား နှစ်ဦး ရှိခြင်းကို ကျနော် နားလည်ပါတယ်။ ဂိုးသမားတွေအတွက် စိတ်ဓါတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိလာနိုင်တာကို ကျနော် နားလည်တယ်။ ဒါပေမယ့်လို့ အာတီတာက အာဆင်နယ်ကို ပိုကောင်းလာစေဖို့ ဒီလက်မှတ်ထိုးမှု လုပ်ခဲ့တာပါ ’ လို့ ပြောတာပါ။
ရှမိုက်ကယ်က ယာယာဟာ ရမ်စ်ဒယ်ထက် ပိုကောင်းတဲ့ ဂိုးသမားလို့ ထင်နေတာလား? ဆိုပြီး မေးခဲ့တရာ ကာရေဂါက ” ၁၀၀% သေချာပါတယ် ” လို့ ပြန်ဖြေခဲ့တယ်။
သူကပဲ ဆက်ပြီး ‘ ဂိုးပေါက်ကို ရမ်စ်ဒယ် ကာကွယ်နေရင် အာဆင်နယ်တို့ ပရီးမီးယားလိဂ် ရမှာကို မဟုတ်ဘူး။ သူက အာဆင်နယ်အတွက် ကစားနေပေမယ့် အင်္ဂလန်မှာ နေရာရတဲ့သူ မဟုတ်ဘူး ’ လို့ ပြောတယ်။
ရှမိုက်ကယ်ကတော့ ဂိုးသမားနေရာ ပြိုင်ဆိုင်စေတာကို နားမလည်ပေမယ့်လို့ ယာယာကို ပွဲထုတ်လာချိန်မှာ စပိန်သား ဂိုးသမားဟာ အာဆင်နယ်အတွက် အကောင်းဆုံး လုပ်နေပါတယ်လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
