ကာလရှည် ပြန်ကစားရတဲ့ ချန်ပီယံလိဂ် နိုင်ပွဲအပြီး စပါးပွဲကို အာရုံစိုက်နေပြီဖြစ်တဲ့ အာတီတာ

PSV အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ ၄-ဝ နဲ့ ဂိုးပြတ် နိုင်ပွဲ ရခဲ့တာနဲ့အတူ ၆ နှစ်တာ ကြာမှာ ပြန် ကစားရတဲ့ အာဆင်နယ်တို့ရဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲကတော့ လှပသွားပြီ ဖြစ်ပါတယ်။

အာဆင်နယ် အတွက် ဂိုးတွေကို ဆာကာ၊ ထရော့ဆက်၊ ဂျေးဆုနဲ့ အိုဒီဂတ် တို့က တစ်ဂိုးစီ သွင်းခဲ့ပြီး မြိုင်ဆိုင် ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။ ပွဲအပြီး အင်တာဗျူးမှာ အာဆင်နယ် နည်းပြ အာတီတာက ဒီညတော့ အေးဆေး အနားယူပြီး မနက်ဖြန်ကစလို့ စပါးပွဲအတွက် စတင်ပြီလို့ ကြေညာခဲ့ပါတယ်။

” ဒီညကို အေးအေးဆေးဆေး ပျော်မယ်ပေါ့ဗျာ။ အိမ်ပြန်မယ်၊ ကျွန်တော့်ဇနီးနဲ့ နောက်ကျ ဒင်နာလေး ကောင်းကောင်း စားမယ်။ အိမ်ရောက်ချိန်ကျရင်တော့ ကလေးတွေက အိပ်နေလောက်ပြီ။ ဒါပေမယ့် ပွဲကိုတော့ သူတို့ ကြည့်မှာ သေချာပါတယ်။

လောလောဆယ် အချိန်ကို ပျော်ရွှင် အောင်ပွဲခံပြီးရင် မနက်ဖြန် မနက်မှာ တော့တင်ဟမ်နဲ့ ပွဲ အတွက် စတင် ပြင်ဆင်မှာ ဖြစ်ပါတယ် ” လို့ အာတီတာက သူ့ရဲ့ ရိုးရှင်းတဲ့ အစီအစဉ်ကို ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်ဟာ လာမယ့် သီတင်းပတ်ကုန်မှာ တောတ့င်ဟမ် စပါးအသင်းနဲ့ လန်ဒန်ဒါဘီပွဲ ယှဉ်ပြိုင်ဖို့ ရှိနေတာကြောင့် PSV နဲ့ ပွဲမှာ အနိုင်သေချာပြီးနောက် အဓိက ကစားသမားတွေကို လူစားလဲ အနားပေးမှုတွေပါ ပြုလုပ်ခဲ့ပါတယ်။