အာဆင်နယ် အရမ်းကောင်းတာနော်၊ အဆင့်အတန်း မြင့်လွန်းတယ်လို့ ဝန်ခံတဲ့ ပြိုင်ဘက် အသင်း

အမ်းမရိတ်မှာ အာဆင်နယ်ကို ၄-၀ ဖြင့် ဂိုးပြတ် အရေးနိမ့်တဲ့နောက် နယ်သာလန်ကလပ် ပီအက်စ်ဗီအသင်းက လန်ဒန်ကလပ်ကို အတော်လေး ဖြုံသွားခဲ့ပါတယ်။

နည်းပြပီတာဘော့ဇ်က အာဆင်နယ်ဟာ ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်သင်းဖြစ်ပြီး ရင်ဆိုင်ဖို့ရာ ခက်ခဲလွန်းလှတယ်လို့ ဝန်ခံခဲ့တယ်။

ပီအက်စ်ဗီနည်းပြက ‘ ဒီညပွဲမှာ နှစ်သင်းကြား ခြားနားသွားတာက အရည်အချင်းပိုင်းပါပဲ။ ကျနော်တို့ ကောင်းကောင်း မခုခံနိုင်ခဲ့ဘူး၊ ကျနော်တို့ အဲ့လောက်ကြီး ညံ့နေတာ မဟုတ်ပေမယ့် သူတို့ရဲ့ အရည်အချင်းကို ရင်ဆိုင်ဖို့ ခက်ခဲခဲ့တယ်။

အာဆင်နယ်က ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တစ်သင်းပါ၊ ကျနော်တို့က မဟုတ်ခဲ့ပါဘူး။ ဒီညပွဲအတွက် အသင်းသားတွေကို ကျနော် အပြစ် မတင်ပါဘူး။ ” လို့ ပွဲအပြီးမှာ မှတ်ချက်ပေးခဲ့ပါတယ်။

အုပ်စု-ဘီမှာ အာဆင်နယ်က ထိပ်ဆုံးက ရှိနေတာဖြစ်ပြီး ၁-၁ သရေကျထားတဲ့ ဆီးဗီးလာနဲ့ လန့်တို့က ဒုတိယနဲ့ တတိယနေရာမှာ ရှိနေတာပါ။ ပီအက်စ်ဗီ အသင်းခေါင်းဆောင်ကတော့ အာဆင်နယ်ရဲ့ အရည်အချင်းကို သိသွားတဲ့နောက် အုပ်စု ဒုတိယနေရာ အတွက်ပဲ ယှဉ်ပြိုင်တော့မယ်လို့ ထုတ်ပြောခဲ့တယ်။

အသင်းခေါင်းဆောင် လုခ်ဒီယောင်ကလည်း ‘ အာဆင်နယ်က အတော်လေးကောင်းတဲ့ အသင်းပါ၊ သူတို့ကို ဖိအားပေးဖို့ ကြိုးစားပေမယ့် ခပ်မြန်မြန်ပဲ ဂိုး ၂ ဂိုး ပေးခဲ့ရတယ်။ ကျနော်တို့ ဖိအားပေးချိန်မှာ ဘယ်နေရာကို ရွေးလျားကစားရမယ် သူတို့သိတယ်။ လွတ်နေတဲ့ ကစားသမား ရှာဖို့ကို သူတို့ သိတယ်။

ဘောလုံးနဲ့အတူ သူတို့ အတော်လေး တည်ငြိမ်တယ်၊ သူတို့ရဲ့ အဆင့်အတန်းက မြင့်လွန်းပါတယ်။ ဒါကြောင့်ပဲ ကျနော်တို့အတွက် ခက်ခဲခဲ့တာပါ။ ကျနော်တို့ ကြိုးစားပေမယ့် အာဆင်နယ်က အားကြီးလွန်းပါတယ်။ အခြားအသင်းတွေကို ရင်ဆိုင်ပြီး အုပ်စု ဒုတိယရဖို့ပဲ ကြိုးစားရပါတော့မယ် ’ လို့ ပြောဆိုသွားပါတယ်။