ဘရိုက်တန်ကို ဂိုးပြတ် အရေးနိမ့်ပြီးနောက် ရာထူးက ပြုတ်ဖို့ ရေပန်းစား ၅ ဦးထဲ ပါလာတဲ့ ယူနိုက်တက် နည်းပြတန်ဟက်

နိုင်ငံတကာသီတင်းပတ်အတွင်း ကလပ်တွင်း ပြဿနာတွေ အများကြီး ရင်ဆိုင်နေရတဲ့ မန်ယူနိုက်တက်ဟာ အိမ်ကွင်းမှာပဲ ဘရိုက်တန်ကို ၁-၃ ဖြင့် ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။

လူမှုရေးကိစ္စ ပြဿနာကြောင့် အန်တိုနီကို လူစာရင်းထဲက ဖယ်ထုတ်ထားရသလို တိုက်စစ်သမား ဆန်ချိုကလည်း နည်းပြတန်ဟက်နဲ့ ပြဿနာဖြစ်ပြီး လူငယ်အသင်းမှာ လေ့ကျင့်ရေး ဝင်နေရတာပါ။ ဗာရန်း၊ လုရှောတို့ကလည်း ကြံ့ခိုင်မှုပိုင်း ရုန်းကန်နေရပါတယ်။

နည်းပြတန်ဟက်ဟာ စိန်ပွင့်ပုံစံ ကွင်းလယ်ကို ခင်းပြီး တိုက်စစ်မှာ ရက်ဖိုဒ့်နဲ့ ဟွိုင်လန်းတို့ကို ထုတ်သုံးပေမယ့် ဒီပွဲမှာ အလုပ်မဖြစ်ခဲ့ပါဘူး။ ယူနိုက်တက်တို့ တာထွက်ကောင်းပေမယ့် ဦးဆောင်ဂိုး စရခဲ့တာက ဘရိုက်တန်အသင်းပဲ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ ခံစစ် ထိုးဖောက်ရ လွယ်ကူမှုနဲ့အတူ ဝဲလ်ဘက်က ဧရိယာထဲမှာ သက်သက်သာသာ ပိတ်သွင်းခဲ့တယ်။ ဟွိုင်လန်း ခြေပဂိုး ပြန်သွင်းခဲ့ပေမယ့် ရက်ဖိုဒ့် ဘောလုံးပေးစဉ်မှာ စည်းကျော်နေခဲ့တာကြောင့် VAR က ပယ်ဖျက်ခဲ့ပါတယ်။

ယူနိုက်တက်တို့ တိုက်စစ်ဆင်ခွင့်တွေရပေမယ့် ဘရိုက်တန်ဘက်က ကောင်တာ ကစားလိုတာကြောင့် ဘောလုံးကိုင်ခွင့်ပေးတဲ့ ပုံစံဖြစ်ပြီး ဒုတိယနဲ့ တတိယဂိုးတွေကို ခပ်လွယ်လွယ်ပဲ သွင်းယူပါတယ်။

တတိယဂိုး ပေးရအပြီး ယူနိုက်တက်တို့ ခြေပဂိုး တစ်ဂိုး ခပ်မြန်မြန် ပြန်ယူပေမယ့် ပွဲထဲ ပြန်လာနိုင်အောင် ကြိုးစားနိုင်ခဲ့ခြင်း မရှိပါဘူး။ ဟွိုင်လန်းကို လူစားလဲချိန်မှာ ကွင်းထဲက ပရိသတ်တွေက နည်းပြရဲ့ ဆုံးဖြတ်ချက်ကို ဘူး လုပ်ပြီး ကန့်ကွက်ခဲ့ကြတယ်။

လက်ကျန် မိနစ်တွေမှာ နည်းပြတန်ဟက်ဟာ လူ အပြောင်းအလဲ နည်းစနစ် အပြောင်းအလဲ လုပ်ပြီး ဘရူနိုကို ညာခြမ်း အစွန်လူနေရာထိ နေရာချခဲ့ပေမယ့် အိမ်ကွင်းမှာပဲ ဂိုးပြတ် အရေးနိမ့်သွားပါတယ်။ ယူနိုက်တက်ဟာ ရာသီအဖွင့် ၅ ပွဲမှာတင် ၃ ပွဲထိကို ရှုံးပွဲ ကြုံတွေ့ထားပြီ ဖြစ်ပါတယ်။

ဒီရှုံးပွဲအပြီး နည်းပြတန်ဟက်ဟာ အဲဗာတန်၊ လူတန်တောင်း၊ ဘုန်းမောက်၊ ရှက်ဖီး နည်းပြတွေနဲ့အတူ ရာထူးကနေ ထုတ်ပယ်ခံရဖို့ ရေပန်းအစားဆုံး ပရီးမီးယားလိဂ် နည်းပြ (၅) ဦးစာရင်းထဲ ပါဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။